သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်ဆိုက်ရောက်


မြန်မာသမ္မတဦးသိန်းစိန်။
မြန်မာသမ္မတဦးသိန်းစိန်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင် မိနစ်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို ဆိုက်ရောက်လာပြီ ဖြစ်ပါ တယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဦးကိုကို၊ ဝန်ကြီး ဦးဝင်းရှိန် အပါအဝင် အဆင်မြင့်အရာရှိတွေ လိုက်ပါလာကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာလာမယ့် တနင်္လာနေ့ကြရင် အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ဝါရှင်တန် က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ အဲဒီလိုတွေ့ဆုံကြရာမှာ မြန်မာနိုင်ငံမှာ ပြုလုပ်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ဒီမိုကရေစီ ထွန်းကားရေးရှေ့ရှုလုပ်ဆောင်နေရာမှာ ကြုံတွေ့ရတဲ့ အနှောက်ယှက် အတားဆီးတွေနဲ့၊ နောက်တဆင့် တက်လှမ်းမယ့် အမေရိကန် မြန်မာဆက်ဆံရေး အပြောင်းလဲအခြေအနေတွေကို အာရုံစိုက်ဆွေးကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း VOA ရဲ့ အိမ်ဖြူတော် အကြီးတန်းသတင်းထောက် Dan Robinson က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဗွီအိုအေမှာ ပြုလုပ် မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ဘာသာရေး ၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဗွီအိုအေမြန်မာပိုင်းက မြန်မာစံတော်ချိန် မနက်ပိုင်း အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG