နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းက မှတ်ချက်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ဝန်ကြီးချုပ်အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။
အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။
"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။
အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"
မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့ေလေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။
ဖြေ။ "ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"
ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်နဝါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။
"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံး၀ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။