သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန် ဖင်လန်သမ္မတနဲ့တွေ့ဆုံ


မြန်မာသမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖင်လန်ဝန်ကြီး Heidi Hautala
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖင်လန်ဝန်ကြီး Heidi Hautala
ဥရောပနိုင်ငံတွေကို ခရီးလှည့်လည်နေတဲ့ မြန်မာသမ္မတဦးသိန်းစိန်ဟာ လောလောဆယ် ဖင်လန်နိုင်ငံမှာ ရောက်နေပါတယ်။ Helsinki မြို့တော်ကို သောကြာနေ့က ရောက်ရှိလာ တဲ့ မြန်မာသမ္မတဟာ ဖင်လန် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဖင်လန် နိုင်ငံက မြန်မာနိုင်ငံအတွက် ယူရို ၆ သန်းခွဲထောက်ပံ့ကူညီမယ်လို့ ဖင်လန် သမ္မတ က ပြောကြားခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ရေးအတွက် ဖင်လန်နိုင်ငံက ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ဖင်လန် ခရီးစဉ်နဲ့ပတ်သက်လို့ မစုမြတ်မွန်က တင်ပြပေး ထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေးအရ ဥရောပနိုင်ငံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင် ဖို့လို့ မြင်နိုင် တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ထဲက ဒုတိယမြောက်နိုင်ငံအဖြစ် ဖင်လန်နိုင်ငံကို သောကြာနေ့က ရောက်နေတာဖြစ်ပါတယ်။ Helsinki မြို့တော်ကို ရောက်တဲ့ ပထမနေ့မှာပဲ ဖင်လန်သမ္မတနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် Nobel ငြိမ်းချမ်းရေးဆုရှင် သမ္မဟောင်းနဲ့ပါ တွေ့ဆုံခဲ့တဲ့အကြောင်း ဖင်လန် နိုင်ငံမှာ နေထိုင်တဲ့ ကိုငြိမ်းချမ်းက VOA ကို ခုလို ပြောပြပါတယ်။

“သမ္မတဦးသိန်းစိန်နဲ့ ဖင်လန်သမ္မတ ဆော်လီ နီနစ္စတို (Sauli Niinisto) နဲ့ တွေ့ တယ်။ နောက်ပြီးတော့ ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖင်လန်သမ္မတဟောင်း တယောက်ဖြစ်တဲ့ Martti Ahtisaari အာချေးငြိမ်းချမ်းရေးမှာ ဝင်ရှင်းပေးတဲ့သမ္မတဟောင်းနဲ့ လည်း တွေ့တယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Heidi Hautala နဲ့လည်း တွေ့တယ်။ သူက ဗမာပြည် ရောက်ဖူးတယ်။”

သမ္မတနှစ်ယောက် တွေ့ဆုံပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲမှာ ဖင်လန်က ရှေ့ ၂ နှစ် အတွင်းမှာ မြန်မာနိုင်ငံအတွက် ယူရိုငွေ ၆ သန်းခွဲနီးပါး ထောက်ပံ့ကူညီမယ်လို့ ဖင်လန် သမ္မတက ပြောကြားခဲ့ပါတယ်။

“ဧည့်သည်တော်ဂေဟာမှာ တွေ့တယ်။ သတင်းစာရှင်းလင်းပွဲလည်း သူတို့လုပ်ပါတယ်။ ချစ်ကြည်ရေးစကားတွေတော့ ပြောကြတာပေါ့။ ဒါပေမဲ့ ကျနော်တို့ သမ္မတကနေပြီးတော့ ဗမာပြည်အတွက် ၆.၄ သန်းကို ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်အထိ ကူညီဖို့အတွက် သူတို့ ကတိပေးပါတယ်ဆိုတဲ့ဟာကို ထပ်ပြောတယ်။ ကျနော်တို့ သမ္မတ အဓိကပြောတာကတော့ ဖင်လန်နိုင်ငံအနေနဲ့ ဗမာပြည်မှာ ကောင်းမွန်တဲ့အစိုးရဖြစ်အောင် တည်ဆောက်ဖို့ သူတို့ကူညီချင်ပါတယ်တဲ့။ နောက်ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သေသေချာချာ ခိုင်ခိုင်မာမာ စာချုပ်စာတမ်းနဲ့ ရှိဖို့ လိုပါတယ်-တဲ့။ ပြီးတော့ သူက မေးခွန်း တစ်ခု မေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲ စတဲ့အချိန်မှာ လွှတ်တော်ထဲ မှာ နေရာယူထားတဲ့ တပ်က နေရာရထားတဲ့ ဟာတွေ အကုန်လုံးကို ဖြုတ်ချပေးဖို့ ရှိပါသလား-တဲ့။ အဲဒါ မေးတော့ ဦးသိန်းစိန် ဘာမှ မဖြေဘူး ခင်ဗျ။ အဲဒါတော့ ကျနော် တွေ့လိုက်တယ်။ ဦးသိန်းစိန်က ဒီမှာပြောတာကတော့ ဗမာပြည်က ပြောင်းလဲလာပါပြီ-ပေါ့နော်။ ဖြည်းဖြည်းချင်းပဲ ပြောင်း လဲနေတာပေါ့။ အားနည်းချက်တွေရှိတယ်- သူ ဒါမျိုး ပြောတယ်ခင်ဗျ။ ပြီးတော့ဖင်လန်မှာ ရှိတဲ့ ကုမ္ပဏီတွေက ဗမာပြည်ထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ပေါ့။ သူ ဒါမျိုးတွေပဲ ပြောတယ် ခင်ဗျ။”

ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက်ပိုင်း EU ဥရောပသမဂ္ဂက လက်နက်တင်ပို့ ရောင်းချတဲ့ ကိစ္စကလွဲလို့ ကျန်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုလဲ EU နိုင်ငံတွေက ထောက်ပံ့မှုတွေပေးဖို့ ကတိပြုခဲ့ကြပါတယ်။ အခုလည်း ဖင်လန်အစိုးရက မြန်မာနိုင်ငံအတွက် ထောက်ပံ့ ကူညီမှုပေးမယ်လို့ ထပ်ပြီး ကတိပြုခဲ့တဲ့အပေါ်မှာ ဒီထောက်ပံ့မှုတွေကို လိုအပ်သူတွေလက်ထဲ တကယ်ရောက်ရေး တောင်းဆို ဆန္ဒပြမယ်လို့ ကိုငြိမ်းချမ်းက ပြောပါတယ်။ Helsinki မြို့တော်က ပြည်သူ့လွှတ်တော်ရှေ့မှာ စနေနေ့ ဆန္ဒပြကြဖို့ စီစဉ်ရတဲ့အကြောင်းကို ခုလို ရှင်းပြပါတယ်။

“လောလောဆယ် ဗမာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခ သုက္ခတွေကို ဦးသိန်းစိန် အစိုးရက ဘာမှ ကိုင်တွယ် ဖြေရှင်းပေးနိုင်တာမျိုး မရှိဘူးလို့ ကျနော်တို့က မြင်တယ်။ နောက် တစ်ချက်က ဖင်လန်နိုင်ငံမှာ ကျနော်တို့ နေတယ် ဆိုပေမယ့် ကျနော်တို့က အခွန်ထမ်း ပြည် သူတွေ ဖြစ်နေတယ်။ ကျနော်တို့ အခွန်ကို ပြည်သူတွေလက်ထဲ မရောက်ဘဲနဲ့ ဦးသိန်းစိန် အစိုးရလက်ထဲကို ရောက်သွားရင် အလွဲသုံးစားဖြစ်သွားမှာကို ကျနော်တို့ တအား စိုးရိမ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဖင်လန် အစိုးရကိုလည်း သတိပေးချင်တယ်။ ဗမာပြည်သူတွေ ကိုလည်း ပြောချင်တယ်။ ကျနော်တို့ တတ်နိုင်သလောက်ကတော့ ဝိုင်းဝန်းကူညီချင်တယ်။ ကျနော်တို့လည်း သူများနိုင်ငံမှာနေရတယ်ဆိုပေမဲ့ ဗမာပြည်သားဖြစ်တဲ့အတွက် သွေးကတော့ ဗမာသွေးပါပဲ ဆိုတာကို ပြောချင်တာ။ ဒီအချက်နှစ်ခုနဲ့ ကျနော်တို့က ဆန္ဒပြဖို့ စီစဉ်ရတာပါ။”

ဖင်လန် နိုင်ငံမှာ သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ရောက်ရှိနေချိန်အတွင်းမှာ ဖင်လန်ရောက် မြန်မာ မိသားစုတွေ နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ စနေနေ့ကျရင် ဆိပ်ကမ်းတခုနဲ့ ဘူမိဗေဒ သုတေသနဌာနကို သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ကျရင်တော့ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ သြစတြီးယား၊ နိုင်ငံ Vienna မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ မြန်မာ သမ္မတရဲ့ ပထမဆုံး ဥရောပခရီးစဉ်ဖြစ်ပြီး နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ အီတလီနဲ့ ဘယ်လ်ဂျီယမ် နိုင်ငံတွေကို လှည့်လည် သွားရောက်နေတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG