သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဥရောပ ၃ နိုင်ငံခရီးစတင်


ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတဲ့ သမ္မတဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးအဖွဲ့
ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတဲ့ သမ္မတဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးအဖွဲ့

(၁၀) ရက်ကြာမယ့် အနောက်ဥရောပ သုံးနိုင်ငံခရီးစဉ်အတွက် သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ စတင် ထွက်ခွာသွားပါပြီ။ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ပထမဆုံးအကြိမ် သွားရောက်မယ့်ခရီးစဉ်ဟာ နှစ်နိုင်ငံချင်းဆက်ဆံရေး အရင်ကထက် တိုးတက် ကောင်းမွန် လာတယ်ဆိုတာ ပြသဖို့ဖြစ်တယ်လို့လည်း သမ္မတရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ အင်္ဂါနေ့မှာ ဂျာမနီနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန်ဟာ ဂျာမန်သမ္မတရဲ့ဖိတ်ခေါ်ချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် အဖြစ် သွားရောက်တာဖြစ်တယ်လို့ သမ္မတရုံးရဲ့ အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

please wait

No media source currently available

0:00 0:03:42 0:00
တိုက်ရိုက် လင့်ခ်

“ဂျာမနီသမ္မတက ကျနော်တို့နိုင်ငံကို လာသွားပြီးပြီပေါ့နော်၊ လာသွားပြီးတော့ ဖိတ်ကြားချက်အရ return visit ပြန်သွားတာပေါ့။ နောက်တချက်က ဂျာမနီက အရင် မဆလခေတ်မှာကတည်းကတိုင် ကျနော်တို့နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့- တော်တော်လေး ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ရှိခဲ့တဲ့နိုင်ငံပေါ့လေ။ နောက်ဆုံး ငွေစက္ကူထုတ်တဲ့ ဝါဇီစက်ရုံကအစ ဂျာမနီ made တွေပေါ့နော်။ အရင်တုန်းက ဂျာမနီဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်။ အဲဒီတော့ ဒါက- သမ္မတကြီးလက်ထက်မှာ ဂျာမနီနဲ့ ဆက်ဆံရေးပေါ့လေ၊ ပြန်ပြီးတော့ မြှင့်တင်နိုင်တဲ့အနေအထားပေါ့။”

ဂျာမန်သမ္မတ Joachim Gauck နဲ့ ကြာသာပတေးနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် သမ္မတဦးသိန်းစိန်ဟာ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်သမ္မတ Dider Burkhalte နဲ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးမှာပါ။ ဒီခရီးစဉ်ရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့အကြီးတန်းအရာရှိက အခုလို ပြောပါတယ်။

“ဆွစ်ဇာလန်နိုင်ငံကတော့ ကျနော်တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်- လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ နာဂစ်မှာလည်း အများကြီးပေးခဲ့တယ်ပေါ့။ နောက်ပိုင်း သမ္မတကြီးလက်ထက်မှာ ဆွစ်-နဲ့ ဆက်ဆံရေးက ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်မားလာတယ်ပေါ့နော်။ အခု ခရီးစဉ်မှာလည်း နှစ်နိုင်ငံဆက်ဆံရေးပေါ့နော်-ဆက်ဆံရေး မြှင့်တင်နိုင်တဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကူညီမှုတွေလည်း အလားတူ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။”

မေး။ ။ နယ်သာလန်ကကျတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး အမြဲတစေ ဝေဖန်ခဲ့တဲ့နိုင်ငံဖြစ်တော့၊ အခု သမ္မတဦးသိန်းစိန်ကို ဖိတ်ခေါ်ပြီး မြန်မာအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားတဲ့ အနေအထားကိုရော ပြောပြလို့ ရမလားရှင့်။

“ဥရောပ-ပေါ့နော်၊ ဥရောပအဖွဲ့ဝင်နိုင်ငံ၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်တဲ့နေရာမှာ သမ္မတကြီးအနေနဲ့ ချမှတ်ထားတဲ့မူဝါဒက ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ သင့်တင့်မျှတပြီး ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်နိုင်ရေးပေါ့။ ဆိုလိုတာက အရှေ့အနောက် မခွဲခြားဘဲ အဲဒီထဲမှာမှ ဥရောပမှာ စီးပွားရေးအရ Power House ဖြစ်တဲ့ ဂျာမနီ၊ နောက်- ဟိုဘက်မှာက ဆွစ်ဇာလန်ပေါ့နော်။ ဒါကတော့ ဘဏ္ဍာရေးဆိုင်ရာပေါ့နော်။ ကမ္ဘာ့ဗဟိုချက် သဘောမျိုးဖြစ်နေတယ်။ နောက် နယ်သာလန်ကလည်း အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျန်တဲ့ ကိစ္စတွေမှာလည်း ဒီဘက်မှာ MSF အပါအဝင် ကျန်တဲ့ဟာတွေလည်း အလားတူ ကူညီ ထောက်ပံ့နေတာတွေ ရှိပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ကျောင်း - ပေါ့လေ။ အဲဒါတွေမှာလည်း ကူညီထောက်ပံ့နေတာတွေ၊ နည်းပညာအရ အကူအညီပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ နယ်သာလန်နဲ့ကလည်း ပူးပေါင်းဆောင်ရွက်မှုပေါ့နော်၊ နိုင်ငံရေးအရ ဆက်ဆံရေးအပြင် ကျန်တဲ့ကဏ္ဍတွေမှာ ဆက်ဆံရေးမြှင့်တင်နိုင်ဖို့ကိုပဲ မျှော်မှန်းထားပါတယ်။”

သမ္မတဦးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ သမ္မတရုံး ဝန်ကြီးတချို့ လိုက်ပါသွားပါတယ်။

XS
SM
MD
LG