သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် သမ္မတနဲ့ ဆွေးနွေးဖို့ စာနယ်ဇင်းကောင်စီ ကြိုးပမ်း


လွတ်လပ်စွာ သတင်းရယူခွင့်အတွက် သမ္မ ဦးသိန်းစိန်ကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတဲ့ သတင်းထောက်တွေကို တရားစွဲဆိုတာအပါအဝင် သတင်းလွတ်လပ်ခွင့် ကိစ္စအားလုံးကို သမ္မတနဲ့ဆွေးနွေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကြိုးပမ်းနေပါတယ်။ တခါ ဒီကနေ့မှာပဲ မီဒီယာလွတ်လပ်ခွင့်ကို အထောက်အကူပေးနိုင်ဖို့အတွက် မီဒီယာရှေ့နေကွန်ယက် ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြပြန်ပါတယ်။ ဒီအကြောင်းတွေအပြင် မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းလွတ်လပ်ခွင့်အတွက် ဝင်ရောက် ဆန္ဒပြမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

မြန်မ ငြိမ်းချမ်းရေးစင်တာလို့ အများသိကြတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှာ မနေ့တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်များရဲ့ တွေ့ဆုံပွဲမှာ မီဒီယာဖိနှိပ်မှု ချက်ချင်းရပ် ဆိုတဲ့ တီရှပ်တွေ ဝတ်ဆင်လာတဲ့ သတင်းထောက်တွေကို ဝင်ရောက် သတင်းယူခွင့်မပေးတာကြောင့် သတင်းထောက်တွေက လွတ်လပ်စွာ သတင်းရယူခွင့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မနဲ့ အရေးယူလိုက်တာ ဖြစ်တယ်လို့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

“ပုဒ်မ ၁၈ နဲ့တော့ ကျနော်တို့ အရေးယူထားတာ ဟုတ်ပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ရှင့်။ လူတွေကိုရော ဖမ်းပါပြီလား။

“မဖမ်းသေးဘူးခင်ဗျ။”

မကြာခင်ကပဲ နိုင်ငံတော် လျှို့ဝှက်ချက်ဖောက်ဖျက်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ ယူနတီဂျာနယ်က သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်ဆိုတဲ့ တူညီ တီရှပ်တွေကို သတင်းထောက်တွေ ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဆင်တူဝတ်စုံတွေ ဝတ်လာရင်ဖြင့် သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲကို ဝင်ခွင့်မပေးဘဲ ဥပဒေအရ အရေးယူနိုင်တယ် ဆိုပြီးတော့လည်း သမ္မတရဲ့တွေ့ဆုံပွဲ မတိုင်ခင်တရက်က မြန်မာ ငြိမ်းချမ်းရေးစင်တာက အရာရှိတဦးက မြန်မာဂျာနယ်လစ်ကွန်ယက်ကို ဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ပါသေးတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပါတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန် အရပ်သား အစိုးရလက်ထက်အတွင်းမှာပဲ Eleven မီဒီယာက သတင်းထောက် အမျိုးသမီး တယောက်၊ နောက် DVB သတင်းဌာနက သတင်းထောက် ကိုဇော်ဖေ တို့ကို လပိုင်းခြားပြီး ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းဆီးထောင်ချ၊ နောက် DVB သတင်းဌာနက နိုင်ငံခြားသား သတင်းထောက် တဦးကိုလည်း ပြည်ဝင်ခွင့်ဗီဇာနဲ့ ပက်သက်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် လေးယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်လိုက်သလို Bi မွန်းတည့်နေ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို အစိုးရတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေဆဲပါ။ တခါ နေ့စဉ်ထုတ် သတင်းစာတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် အရှုံးအမြတ်နဲ့ ငွေကြေးစီးဆင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းသတင်းဌာနတချို့ကို သတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သေးတာပါ။ တပြိုင်တည်းဆိုသလိုပဲ သမ္မတဦးသိန်းစိန်က မန္တလေးပဋိပက္ခနဲ့ ဆက်စပ်ပြီး ပြောခဲ့တဲ့မိန့်ခွန်းမှာဆိုရင်လည်း သတင်းမီဒီယာတွေကို အရေးယူမယ့်ကိစ္စ ပြောဆိုခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှု အမြင့်မားဆုံးနိုင်ငံထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာ လွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။”

ပြည်တွင်း သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ၊ တရားစွဲဆိုမှု အားလုံးအတွက် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ပြင်ဆင်ထားပြီး မနက်ဖြန် တနလာၤနေ့ ရုံးဖွင့်ရက်မှာ တရားဝင်လမ်းကြောင်းကနေ တောင်းဆိုမယ်ဆိုပြီး ကောင်စီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

“သမ္မတနဲ့တွေ့ခွင့်တောင်းတယ်ဆိုတာ ဟုတ်ပါတယ်။ ကိစ္စတွေ အားလုံးအတွက်ပါ။”

မေး။ ။ ကမာရွတ်ရဲစခန်းကနေပြီးတော့ သတင်းထောက် ၃၀ ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တယ်လို့လည်း ပြောပါတယ်။ အဲဒီအမှုအပေါ်မှာရော အကိုတို့ စာနယ်ဇင်း ကောင်စီအနေနဲ့ ဘာများ ပြောလိုပါသလဲရှင့်။

“အမှုဖွင့်တယ်ဆိုတာက လက်ရှိ တည်ဆဲဥပဒေအရ သူ့အလုပ်သူလုပ်တာပေါ့နော်။ အဲဒါကိုတော့ ကျနော်တို့က ပြောရခက်ပါတယ်။ တခုရှိတာက အမှုဖွင့်တယ်ဆိုရင်လည်း တရားဥပဒေက ကျောသားရင်သား မခွဲမခြား တပြေးညီ ဖြစ်ဖို့ လိုပါလိမ့်မယ်။ အဲဒါ မဟုတ်ရင်တော့ သူ အပြောခံရမှာပေါ့နော်။”

ဒီလို မီုဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အထောက်အကူပေးနိုင်အောင် ရည်ရွယ်ပြီးတော့ မီဒီယာရှေ့နေများကွန်ယက် ဖွဲ့စည်းရေးကိုလည်း ဒီကနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ရှေ့နေ ဒေါ်အေးအေးသက်ကတော့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“မီဒီယာသမားကိုလည်း ကူညီမယ်။ နောက်ပြီးတော့ တိုင်းပြည်မှာ မီဒီယာနဲ့ပတ်သက်ပြီး တိုးတက်အောင်လို့ နိုင်ငံတကာလိုပေါ့လေ။ ဥပမာ ဘင်္ဂလားဒေ့ရှ်လိုမျိုးပေါ့။ နိုင်ငံအတွက် လိုအပ်တဲ့နေရာတွေမှာ ဥပဒေအဖွဲ့တွေက ကူညီဖို့ဆိုပြီးတော့ ကျမတို့ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါ။”

မီဒီယာရှေ့နေများ ကွန်ယက်ကိုတော့ လာမယ့် ၃ လလောက်အတွင်းမှာ အကောင်အထည်ဖော်သွားနိုင်အောင် ဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒေါ်အေးအေးသက်က ပြောပါတယ်။

XS
SM
MD
LG