သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန် လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် အမေရိကန် ခရီးစဉ် အဆုံးမသတ်မီ ဒီကနေ့မှာတော့ ထိပ်တန်း လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံနေပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သာမက လွှတ်တော် တာဝန်ရှိသူတွေ၊ စီးပွားရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကနေ ၂ နိုင်ငံကြား သံတမန်ရေး၊ စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်သွားနိုင်ဖို့ မြန်မာအစိုးရကတော့ မျှော်လင့်ထားတာပါ။

နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးအကြိမ် မြန်မာသမ္မတတစ်ဦးရဲ့ ဝါရှင်တန်ခရီးစဉ် နောက်ဆုံးအခြေအနေနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင်စုကို တရားဝင် အလည်အပတ် ခရီးစဉ်အတွင်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တွေ့ဆုံအပြီး နောက်တစ်ရက်မှာပဲ ကွန်ဂရက်လွှတ်တော်ကို သွားရောက်ပြီး၊ အထက်နဲ့ အောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဂျွန် မက်ကိန်း (John McCain), မစ်ချ် မက်ကောနဲလ် (Mitch McConnell) စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်မှာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေဘက်ကတော့ မြန်မာအစိုးရအပေါ် သံတမန်ရေး၊ စီးပွားရေးအရ ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို ဥပဒေအဖြစ် ချမှတ်ထားတဲ့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံရာမှာ ပိတ်ဆို့မှုတွေ ဖယ်ရှားရေး တိုက်တွန်းသွားဖို့ ရည်ရွယ်ထားကြောင်းလည်း ဦးရဲထွဋ် က ပြောပါတယ်။

“ကျနော်တို့ဘက်က ဆိုရင်တော့ဗျာ ကျနော်တို့ လက်ရှိ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေတွေကို သမ္မတကြီးက သူကိုယ်တိုင် လွှတ်တော်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ရည်ရွယ်ထားပါတယ်။ ပြီးရင်တော့ အဓိကအားဖြင့် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဦးတည်ပြီးတော့ သွားနေတယ်။ နောက်ကြောင်း ပြန်လှည့်ဖို့ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ သတ်မှတ်တဲ့ မျှော်မှန်းချက်တွေကို မြန်မြန်ဆန်ဆန် ရောက်နိုင်ဖို့အတွက် မြန်မာပြည်သူတွေကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖို့ လိုပါတယ်။ နောက်တခါ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတားအဆီးအဖြစ် ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း လုပ်ပေးဖို့ လိုတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြောဖို့ ရည်ရွယ်ထားပါတယ်။”

ဝါရှင်တန်ဒီစီမြို့တော်ကို ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာသမ္မတတစ်ဦးရဲ့ တရားဝင်ခရီးစဉ် အတွင်းမှာပဲ ၂ နိုင်ငံကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ထိုးဖို့လည်း စီစဉ်ထားတာပါ။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တေ့ွဆုံမယ့် မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ကတော့ နားလည်မှု စာချွန်လွှာတွေအတိုင်း ၂ နိုင်ငံကြား စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးကိုလည်း အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အတိုကောက်တော့ TIFA ပေါ့နော်။ TIFA ဆိုတော့ Trade and Investment Framework Agreement ပေါ့လေ။ အဲ့ဒီဟာ MoU လေးတစ်ခု လက်မှတ်ထိုးမယ်။ နောက်တစ်ခုကကျတော့ OPIC ဆိုတာ Overseas Private Investment Cooperation ဆိုတာ အဲ့ဒီ MoU တစ်ခု လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒီ ၂ နိုင်ငံ Trade နဲ့ Investment ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ နောက်တစ်ခုကတော့ OPIC ကတော့ ပင်လယ်ရပ်ခြား စီးပွားရေး ရင်းနှီးမြှုပ်နှံသူများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာပေါ့လေ။ ကျနော်တို့ ဒီလို ၂ နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စမှာ၊ ဒါမျိုးလုပ်မယ်ဆိုရင် ပထမဆုံး သူတို့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ လိုမယ်။ နောက်တစ်ခုက စီးပွားရေး ရုပ်သိမ်းပေးဖို့ ပြီးတဲ့ အခါမျိုးမှာလည်း စီးပွားရေးဆိုင်ရာ အထူးခံစားခွင့်ပေါ့လေ။ အကောက်ခွန် နှုန်းထားဆိုင်ရာ အထူးခံစားခွင့်တွေကို ပြန်လည်ပေးအပ်ဖို့၊ GSP ခေါ်တာပေါ့ဗျာ၊ Generalized System Preferences ကို ရဖို့ပေါ့။ ဒီ ၂ ခုကို ရဖို့ ကျနော်တို့က မျှော်မှန်းပြီးတော့ လာရောက်လည်ပတ်ပြီးတော့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မတိုင်မီမှာတော့ အမေရိကန်အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင် ထားတာကို ဖယ်ရှားပေးလိုက်ပေမဲ့ ၁၉၉၇ ခုနှစ် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) လက်ထက်ကတည်းက ကျင့်သုံးလာခဲ့တဲ့ ဒဏ်ခတ်မှု ဥပဒေကို နောက်ထပ် သက်တမ်း တစ်နှစ် တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှု လက္ခဏာတွေ တွေ့မြင်လာရပေမဲ့၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတာ၊ လက်နက်ကိုင် ပဋိပက္ခတွေ မငြိမ်းသေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ ရှိနေသေးတာတွေလို စိုးရိမ်စရာ ကိစ္စတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေအပေါ်မှာ အန္တရာယ် ရှိနေဆဲဖြစ်တာကြောင့် အမျိုးသား အရေးပေါ် အက်ဥပဒေကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ရတာ ဖြစ်တဲ့အကြောင်းလည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။

မြန်မာ့အရေး ကျွမ်းကျင်သူ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာ ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကတော့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတိထား ချဉ်းကပ်လိုတဲ့ သဘောထားမျိုး ရှိပုံရတယ်လို့ သုံးသပ်ပါတယ်။

“တဘက်မှာ မြန်မာနိုင်ငံဟာ သမ္မတ အိုဘားမား အစိုးရအတွက် အောင်မြင်မှုတစ်ခုအဖြစ် သဘောထားပြီး၊ အောင်ပွဲခံချင်ပုံလည်း ရပါတယ်။ တဘက်မှာတော့ အားလုံးကို ဘက်ညီအောင် ထိန်းထားဖို့လည်း ကြိုးစားနေပုံရပါတယ်။ နေရာမှာ ဦးသိန်းစိန် အစိုးရက ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဆုချမလား၊ အပြောင်းအလဲတွေကို လက်တွေ့ အကောင်အထည် ဖော်တာမျိုး မရှိသေးဘူးလို့ စောဒက တက်နေတာတွေကြားမှာ အကောင်းဆုံး ဘာတွေ လုပ်နိုင်တာရှိမလဲ ဆိုတာမျိုး ကြိုးစားနေတယ်လို့ ထင်ပါတယ်။”
အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ကျောက်စိမ်း ဥပဒေ စတာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကို တားမြစ်ခဲ့သလို၊ မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ စစ်အရာရှိတွေ၊ သူတို့နဲ့ နီးစပ်သူတွေ မိသားစုဝင်တွေကို ပြည်ဝင်ခွင့်တွေ တားမြစ်ထားခဲ့တာပါ။

ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံခွင့်တွေ ပေးခဲ့ပြီး၊ အရေးယူ ဒဏ်ခတ်မှု အတော်များများကိုလည်း တစ်နှစ် ဆိုင်းငံ့ပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG