သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် မဟာမိတ် (၁၀) ပါတီနဲ့တွေ့


သမ္မတဦးသိန်းစိန်နဲ့ ဒီမိုကရေစီမဟာမိတ်များအဖြစ် စုပေါင်းထားတဲ့ ဆယ်ပါတီတို့ ဂျူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ဒီမိုကရေစီမဟာမိတ်များအဖြစ် စုပေါင်းထားတဲ့ ဆယ်ပါတီတို့ ဂျူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီမိုကရေစီမဟာမိတ်များအဖြစ်နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ၊ ဆယ်ပါတီက ကိုယ်စားလှယ်တွေကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီပါတီတွေရဲ့တင်ပြချက်တွေကို အရေးတယူ ပြန်ကြားဆွေးနွေးပေးခဲ့တဲ့အတွက် တက်ရောက်ဆွေးနွေး သူတွေက ကျေနပ်အားရမိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။
သမ္မတနဲ့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေကိစ္စကို ပထမဆုံး တင်ပြဆွေးနွေးဖြစ်တဲ့ အကြောင်း ဒီတွေ့ဆုံပွဲ ကို တက်ရောက်ခဲ့တဲ့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောပြပါတယ်။

“ကျနော်တို့က လတ်တလောဖြစ်ခဲ့တဲ့ issues (အဖြစ်တွေ) တွေကို တင်ပြပါတယ်။ အဓိက-ကတော့ စစ်တွေမှာဖြစ်ခဲ့တဲ့ riot တွေပေါ့လေ။ ဘင်္ဂါလီ၊ ရိုဟင်ဂျာတွေနဲ့ဖြစ်တဲ့ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အမြင်မရှင်းကြဘူးပေါ့ဗျာ။ ရိုဟင်ဂျာဆိုတဲ့ဟာနဲ့ သမိုင်းကြောင်းက မရှင်းတဲ့အတွက် ကျနော်တို့ကတော့ မြန်မာသမိုင်းပညာရှင်တွေနဲ့၊ နိုင်ငံတကာပညာရှင်တွေနဲ့ အကုန်လုံး နေပြည်တော်မှာ seminar တခု၊ workshop လိုဟာမျိုး၊ တခုလုပ်ဖို့ အကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ ရေရှည်ပြဿနာတွေ ရှိသေးတယ်ဗျ။ ရေရှည်ပြဿနာရှိတဲ့ အတွက် ကျနော်တို့က ရခိုင်တိုင်းရင်းသားကာကွယ်ရေးတပ်တွေဖွဲ့ဖို့၊ Border Guard တွေဖွဲ့ဖို့ အကြံပေးပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲကနေ တရုတ်ပြည်ဘက်ကို သဘာဝဓာတ်ငွေ့တွေ တင်ပို့ ရောင်းချဖို့ ပြင်ဆင်နေပေမယ့် ဒေသခံ ရခိုင်ပြည်သူတွေ နေ့စဉ် လျှပ်မီးမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အခြေအတွေကိုလည်း ပြောပြပါတယ်။

“Gas ပိုက်လိုင်းနဲ့ပတ်သက်လို့လည်း ကျနော်တို့ တင်ပြတာတွေရှိပါတယ်။ တရုတ်ပြည်က ဂက်စ် ပိုက်လိုင်း၊ စီးပွားရေးဇုန်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်သူတွေ အကျိုးရှိနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာတက်ဖို့ဆိုတာတွေကို တင်ပြတယ်။ နောက် ကျနော်တို့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးမရဘူး။ ရပြန်တော့လည်း မီတာခက အလွန်တရာ ကြီးမားတဲ့အတွက် ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေတဲ့အကြောင်းတွေကို တင်ပြတဲ့အခါကျတော့ သမ္မတအနေနဲ့ အဲဒါတွေကို အမြဲစဉ်းစားတဲ့အကြောင်း၊ နည်းလမ်းသစ်တွေ ရှာနေတဲ့အကြောင်းတွေပေါ့နော်- အခက်အခဲတွေလည်းရှိတယ်၊ နည်းလမ်းသစ်တွေလည်း ရှာနေတယ်ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံပြောကြားပါတယ်။”

ဟုတ်ကဲ့။ အခုလို နိုင်ငံရေးပါတီတွေကို ဖိတ်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တဘက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စတွေ၊ ဘာတွေလည်း အများကြီးရှိထားတော့ - သဘောက ဘာမှ အာမခံနိုင်သေး သရွေ့ကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြမယ်၊ ကိုယ်နဲ့ level ဖြစ်လာတဲ့အချိန် သဘောက NLD လို ပါတီမျိုး ထားပါတော့ - နည်းနည်း သြဇာရှိတဲ့ပါတီတွေ ဖြစ်လာပြီဆိုရင်တော့ ဒီလို အရေးတယူဆက်ဆံပါ့မလား၊ NLD လည်း ဒီကိစ္စမှာ မပါဘူးလေ- အခုကိစ္စမှာ။ သီးခြား ခွဲထွက်ပြီး ဆွေးနွေးသလိုဖြစ်နေသလား။ အဲဒါမျိုးလေး မေးခွန်းထုတ်စရာ ရှိနေလို့။

“အဲဒါပေ့ါ။ မေးခွန်းထုတ်မယ်ဆိုလည်း ထုတ်နိုင်တယ်ပေါ့လေ။ တဘက်ကလည်း တခြား alternative အနေနဲ့ ကြည့်ရင်လည်း ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ကိုယ့်ရဲ့ issue တွေကို တင်ပြခွင့်ရှိတယ်။ သူက ထည့်ပြီးတော့ စဉ်းစားတယ်ဆိုရင် ကျနော်တို့အတွက်တော့ ဒါ အကောင်းမြင်ပါတယ်။ နောက်တဘက်ကလည်း ကျနော်တို့ တခြားပါတီကြီးတွေနဲ့ ကျနော်တို့က relation မရှိဘူး။ relation ကို တည်ဆောက်လည်း ရတာပဲ။ ကျနော်တို့ကို လေးလေးစားစား တည်ဆောက်လာတဲ့သူကိုတော့ ဝမ်းပန်းတသာ ကျနော်တို့ ကြိုဆိုမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျနော်တို့ issue တွေကို ထည့်သွင်းစဉ်းစားပေးဖို့ ခေါ်တယ်ဆိုရင်တော့ ကျနော်တို့ ဝမ်းသာပါတယ်။ NLD ပဲဖြစ်ဖြစ်၊ တစည ပဲဖြစ်ဖြစ်ပေါ့လေ။ ကျနော်တို့ကတော့ ဆွေးနွေးချင်ပါတယ်။ ဒါပေမဲ့ NLD ဆွေးနွေးတာ၊ တစည ဆွေးနွေးတာတော့ မကြုံဖူးသေးဘူးလေ။”

ဒီမိုကရက်တစ်ပါတီအနေနဲ့ တင်ပြ ဆွေးနွေးခဲ့တာတွေကိုတော့ ပါတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး တဦးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောပြပါတယ်။

“အန်တီတို့ပါတီ ဥက္ကဋ္ဌဦးသုဝေကတော့ ဆယ်ပါတီကိုယ်စား သမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို အစတုန်းကတော့ ဘယ်လိုမှန်း မသိပေမဲ့ အခုနောက်ပိုင်းမှာ သမ္မတကြီးရဲ့လုပ်ရပ်တွေ ကို ကြည့်ပြီးတော့ ကျေနပ်အားရတယ်ဆိုတဲ့အကြောင်းပေါ့။ ဒီ အစိုးရသစ်ဖွဲ့လာပြီးတဲ့နောက်ပိုင်း မှာတော့ ဘယ်လိုများ ဖြစ်လာမှာပါလိမ့်ဆိုပြီး အဲလို စဉ်းစားမိတယ်ဆိုတဲ့အကြောင်း သူက ပြောပြ တယ်။ အဲဒီမှာ အကုန်လုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်း အသင့်ရှိတယ်ဆိုတဲ့အကြောင်း အဲဒါကိုလည်း သမ္မတကြီးက သိပ်ဝမ်းသာတယ်ဆိုတဲ့ အကြောင်း ပြောတယ်။”

ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်ပရောက်နေကြတဲ့ အတိုက်အခံအင်အားစုတွေ ငြိမ်းချမ်း စွာ ပြည်တော်ပြန်နိုင်ရေးနဲ့ Blacklist လို့ခေါ်တဲ့ နံမည်ပျက် စာရင်းထဲမှာ အဲဒီလူတွေကို ထည့်သွင်း သတ်မှတ်ထားတဲ့ကိစ္စကိုလည်း ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို တင်ပြ တောင်းဆိုခဲ့ တယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်ကတော့ ပြည်တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။
သမ္မတအနေနဲ့တော့ တင်ပြသမျှအချက်တွေကို စိတ်ဝင်တစား နားထောင်ပြီး တချက်ချင်း ပြန် လည် ဖြေကြားခဲ့သလို မဖြစ်နိုင်တဲ့ ကိစ္စတွေ ကိုလည်း မဖြစ်နိုင်တဲ့အကြောင်း၊ အခက်အခဲ ရှိတဲ့အကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီအဖွဲ့နဲ့ တွေ့ဆုံစဉ် သမ္မတနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း ရှိနေခဲ့ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြတာဖြစ်တယ် လို့ ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG