သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ


A woman prepares for the 41st Coming of Age Day ceremony, known traditionally in South Korea as Gwan-Rye, in Seoul, May 20, 2013. The ceremony was held to recognize boys and girls at the age of 20, who have been living under the protection of their families, as independent individuals.

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -

ဒေါ်ခင်စိုးဝင်း။ ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။”

ဦးသိန်းစိန်။ ။ “တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာရှိပါတယ်။ အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ်ပြောရမှာပေါ့။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”

ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။ ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာအလုပ်တွေလည်း အများကြီးရှိသေးကြောင်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ခြေလှမ်း လို့ပဲ ကောက်ချက်ချရမလား စဉ်းစားစရာပါပဲ။”

XS
SM
MD
LG