သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု


ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု

ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ဦးသိန်းစိန်က ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေရပ်ရင်း ပြန်လာပြီး အတူပူးပေါင်း လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အစိုးရသစ် တာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီလောက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဦးသိန်းစိန်က သူတို့ အစိုးရသစ် လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ခဲ့တာတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မိနစ် ၂၀ လောက် ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုခဲ့တာတွေထဲမှာ ထူးခြားတာ တခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာ ရောက်ရှိနေသူတွေကို တိုင်းပြည် တိုးတက်ရေးအတွက် မြန်မာပြည်ကို ပြန်လာပြီး အတူပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်တဲ့ အချက်လည်း ပါဝင်တယ်လို့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးခင်ရွှေက အခုလို ပြောပါတယ်။

“အဓိကတော့ အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေပေ့ါ၊ ပြည်တွင်းလာပြီး အလုပ်လာပြန်လုပ်ဖို့။ မြန်မာပြည်ရဲ့ စီးပွားရေးအရ တိုးတက်အောင် ဆောင်ရွက်တော့မယ်၊ အဲဒီကာလမှာ ပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်များလည်း ပြည်တွင်းပြန်လာပြီးတော့ မြန်မာပြည် တိုးတက်ရာ၊ တိုးတက်ကြောင်း ဝိုင်းဝန်းကြပါ။ တကယ်လို့ အပြစ်များ ရှိခဲ့လို့ရှိရင်လည်း တော်ရုံတန်ရုံ အပြစ်တွေ ခွင့်လွှတ်ပေးမယ်ဆိုတာ အဲဒီတချက်ကတော့ ထူးခြားပါတယ်။”

ဒါ့အပြင် အခြား ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့တယ်လု့ိ ဦးခင်ရွှေက ပြောပါတယ်။

“KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ ကချင်လူထုကို ကိုယ်စားမပြုဘူး။ အဲဒီကိစ္စကိုလည်း ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းလေးတွေ။”

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်းကတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လက်ရှိ ကောက်ခံနေတဲ့ အခွန်အခတွေကို လျှော့ချပေးနေသလို ဆက်လက် လျှော့ချပေးသွားဖို့ ရှိကြောင်း ပြောဆိုသွားတယ်လို့ အခုလို ပြောပြပါတယ်။

“အဓိက Export Tax တွေနဲ့ ပတ်သက်လို့၊ Export Tax တွေ၊ အထည်ချုပ်နဲ့ ပတ်သက်တာ၊ ကောက်ပဲသီးနှံနဲ့ ပတ်သက်တာ၊ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ၊ ပြည်တွင်းက စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ Tax တွေ လျှော့ချပေးပြီး ဖြစ်တယ်လေ။ ပြီးတော့ မကြာခင်မှာ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်လို့လည်း သူတို့ Tax တွေကို လျှော့ချပေးဖို့ရှိတယ်။ နောက် တခြားဟာတွေနဲ့ ပတ်သက်လို့ လျှော့ချပေးဖို့ရှိတယ်။ ပြီးတော့ ခရီးသွားလုပ်ငန်း အပါအဝင် တခြားလုပ်ငန်းတွေမှာလည်း Tax တွေကို လျှော့ချပေးဖို့၊ ပြန်လည်သုံးသပ်ပေးဖို့ ဆက်လုပ်သွားမယ်လို့ ပြောတယ်။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပင်စင်လစာ တိုးပေးရေး၊ လက်ရှိ ရေဘေးဒဏ် ခံနေရတဲ့ ပဲခူး၊ ဧရာဝတီနဲ့ ကရင် ဒေသတွေက ပျက်စီးသွားတဲ့ လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး၊ အရံဆန်စပါး ထားရှိရေး စတာတွေကို ဆောင်ရွက်နေတာနဲ့ ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို ထိခိုက်နေတဲ့အတွက် ငွေလဲနှုန်းကို ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လူမှုအသင်းအဖွဲ့ ခေါင်းဆောင်တွေ ၄၀၀ လောက် တက်ရောက်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ရှင်းလင်း ပြောဆိုပြီးတဲ့အခါ တက်ရောက်လာသူ တချို့ကို နှုတ်ဆက်တာ၊ မေးမြန်းတာနဲ့ စကားပြောဆိုတာတွေ ရှိခဲ့ပေမဲ့ အပြန်အလှန် ဆွေးနွေးတာတော့ မရှိခဲ့ဘူးလို့ တက်ရောက်သူတွေက ပြောပါတယ်။

XS
SM
MD
LG