သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး အထောက်အကူပေးဖို့ သမ္မတ ပန်ကြား


မြန်မာသမ္မတ ဦးသိန်းစိန် Johns Hopkins တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် (၂၀ မေ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန် Johns Hopkins တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် (၂၀ မေ ၂၀၁၃)
မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖို့လည်း သမ္မတ ဦးသိန်းစိန်က မနေ့က ဝါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

“မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးနဲ့ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် က ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အများအပြား ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ဒီလို လုပ်ဆောင်ခဲ့တာဟာ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ကျနော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆောင်ရွက် အကောင်အထည် ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အကူအညီတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။”

အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန် က အခုလို ပြောသွားခဲ့ပါတယ်။

“သမိုင်းကြောင်း အစဉ်အလာများအရ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာ အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုပြီး ကျနော်တို့အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများအကြား ရင်းနှီးတဲ့ မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန်ပြည်သူများအကြားလည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် ခင်ခင်မင်မင် ဆက်ဆံသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေတို့ရဲ့ ကူညီထောက်ပံ့မှုများကိုလည်း မျှော်လင့်လျက် ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေကိုလည်း ရရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ရှိနေပါတယ်။”

အခုလို သမ္မတ ဦးသိန်းစိန်အနေနဲ့ အမေရိကန် တက္ကသိုလ်တစ်ခုမှာ ကိုယ်တိုင်လာရောက်ပြီး မိန့်ခွန်းပြောကြားတာဟာ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေး အထောက်အကူတွေ ရဖို့နဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပိုမို နားလည်လာအောင် ရှင်းပြချင်တဲ့အတွက် ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“သမ္မတကြီးအနေနဲ့က ကျနော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ချင်တယ်။ မြှင့်တင်ချင်တဲ့အခါမှာ ကျနော်တို့က ပညာတော်သင်တွေ လွှတ်သလိုပဲ၊ ဒီက တက္ကသိုလ်တွေကို ကျနော်တို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ကျောင်းခွဲတွေ ဖွင့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အမေရိကန်နိုင်ငံက ပညာရေး အဖွဲ့အစည်းတွေ ပိုမိုပါဝင် ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်တဲ့စကားကို ဒီမှာ လာပြောပြတယ်။ ဒါက ပထမရည်ရွယ်ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပညာရှင်အသိုင်းအဝိုင်းမှာ နားလည်တဲ့သူလည်း ရှိတယ်။ တချို့ကလည်း သံသယတွေ ရှိနေသေးတယ်။ ဆိုတော့ ဒီ သံသယတွေ ပြေပျောက်သွားပြီးတော့မှ မြန်မာနိုင်ငံဟာ ရှေ့ကိုပဲ သွားနေတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိတော့ဘူး။ ဒီလို သွားတဲ့အခါမှာ ကျနော်တို့ စွမ်းအားနဲ့ချည်းပဲ သွားမယ်ဆိုရင်တော့ အချိန် ပိုကြာနိုင်တယ်။ ဒီလိုဟာကို မြန်မြန် ရောက်စေချင်တယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင်ကူညီပံ့ပိုးမှုတွေ လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာ လာပြီးတော့ ဒီမိန့်ခွန်းကို ပြောတာပါ။”

အခုလို သမ္မတဦးသိန်းစိန် ကိုယ်တိုင် အမေရိကန် တက္ကသိုလ်တစ်ခုကို လာရောက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောကြားတာဟာ မြန်မာနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကြား ပိုပြီး ထိတွေ့မှု ရရှိစေသလို၊ မြန်မာနိုင်ငံ ပညာရေးအတွက် အထောက်အကူ ဖြစ်လာနိုင်တဲ့အတွက် အားရစရာ ကောင်းတယ်လို့ မနေ့က Johns Hopkins တက္ကသိုလ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့ရဲ့ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းဝင်း က ပြောပါတယ်။

“တစ်ခုကတော့လေ ဒီလို တက္ကသိုလ်တွေကို လာပြီးတော့၊ ကိုယ့်ရဲ့ မူဝါဒတွေကို ပြောတယ်ဆိုတော့ ဘာပဲပြောပြော ကျနော်တို့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်က ဒီလို စပြီးတော့ ပြောလာတဲ့အတွက်ကြောင့် သိပ်ကောင်းတဲ့ အစဉ်အလာပေါ့နော်။ ဒါမျိုးပွဲတွေ အများကြီး နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ် ဖြစ်လာပါစေလို့ ကျနော့်စိတ်ထဲ အရင်ဆုံး ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခု အားရမိတာကတော့ ဒီလို တက္ကသိုလ်တွေမှာ ပြောတဲ့အခါကျတော့ ပိုပြီးတော့ ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်ပါတယ်။ ပညာရေးကို အားပေးတဲ့နေရာမှာ၊ ဒီလိုအဆင့်မြင့် ပညာရေးပေါ့နော်၊ တက္ကသိုလ် ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်တဲ့အတွက် ကျနော်တို့က ပိုပြီးတော့ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်တွေ မြန်မာပြည်မှာ ကောင်းလာပြီးတော့၊ မြန်မာပြည် တက္ကသိုလ်တွေကနေပြီးတော့ တကယ့်ကို နိုင်ငံအတွက် အသုံးကျမယ့် ပညာရှင်တွေ မွေးထုတ်နိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ရေတို မဟုတ်ဘဲနဲ့ ရေရှည်မှာ အများကြီး ပြောင်းလဲတိုးတက်လာမယ်၊ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ရေရှည်ကောင်းမယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါကြောင့်မို့ ကျနော်ကတော့ တော်တော်လေး အားရပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ မနေ့က Johns Hopkins တက္ကသိုလ်မှာ မိနစ် ၂၀ ကြာလောက် မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရှင်းလင်းတင်ပြခဲ့တာ ဖြစ်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဝိုင်းဝန်း ကူညီပေးဖို့ ကိစ္စတွေကို အဓိက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။
XS
SM
MD
LG