သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေး သမ္မတ ဦးသိန်းစိန် စည်းရုံး


သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။ သြဂုတ် ၂၂၊ ၂၀၁၁။
သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။ သြဂုတ် ၂၂၊ ၂၀၁၁။

သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရင်က ပြောဆိုဆွေးနွေးတာတွေ မလုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆောင်ရွက်နေသလို သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပေးခဲ့တဲ့ ကတိနဲ့အညီ ပြည်သူ့ဆန္ဒအရ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့လည်း ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်က အုပ်ချုပ်မှုကဏ္ဍ၊ ဥပဒေပြု လွှတ်တော်ကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ သူ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတုန်းက ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်နေပါတယ်လို့ ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အဖွင့်မိန့်ခွန်း ပြောသွားတာ ဖြစ်တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၉ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ရွှေက အခုလို ပြောပြပါတယ်။

“ကတိသစ္စာ ပြုထားတဲ့အတိုင်း ထိရောက်စွာ ဆောင်ရွက်နေတယ် ဆိုတာတို့၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာအောင် သူ ကြိုးပမ်းနေတယ် ဆိုတာတို့၊ အခြေခံဥပဒေကို လက်ခံပေးဖို့အတွက် လက်ခံမပေးသေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် လက်ခံဖို့ သူ စည်းရုံးတယ် ဆိုတာတို့၊ အစိုးရကောင်း သန့်ရှင်းသောအစိုးရ အနေနဲ့ ဖြစ်ဖို့အတွက်ကိုလည်း လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နေတယ် ဆိုတာတို့၊ နောက် ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်အောင် သူ ဆောင်ရွက်နေတယ် ဆိုတာတို့၊ ပြည်ထောင်စု အဆင့်ကနေ ဆင့်ကဲ ဆင့်ကဲ စနစ်တကျ ဖွဲ့နေတယ် ဆိုတာတို့။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေလို့သာ ယေဘုယျသဘော ပြောသွားပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့တော့ တိတိကျကျ ထုတ်ဖော် ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က အတတ်နိုင်ဆုံး တိုးတက်မှုရှိအောင် ဆောင်ရွက်နေတဲ့အကြောင်း ရှင်းလင်း ပြောဆိုသွားတယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။

“ခေတ်နဲ့အညီ ပညာရေးနဲ့ ကျန်းမာရေးတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ မဖွံ့ဖြိုး မတိုးတက်တဲ့ နေရာမှာ NGO နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ နောက် ကမ္ဘာ့နိုင်ငံတွေနဲ့လည်း လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းတွေ၊ သဘာ၀ ဘေးကနေ ညီညွတ်စွာ ကျော်လွှားမယ် ဆိုတာတွေ၊ ပြည်သူတွေ ဖြစ်စေချင်တာတွေ အကုန်လုံးကို ကြိုးစားပြီး ဆောင်ရွက်မယ့် အကြောင်းတွေ ပြောသွားပါတယ်။”

နိုင်ငံရေး အတိုက်အခံတွေနဲ့ တင်းမာမှု လျော့ပါးရေး အစိုးရက ကြိုးစားနေပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ငြိမ်မှုက အရေးကြီးတာကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ လတ်တလော ဖြစ်ပွားနေတဲ့ မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးကြဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို တာဝန်ပေးအပ်ထားတာနဲ့တော့ မလုံလောက်သေးဘူးလို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကနေ ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရာ ကော်မတီ၊ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများ အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား စီမံကိန်းနဲ့ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ကော်မတီ၊ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ဆပ်ကော်မတီ၊ ကုလသမဂ္ဂနဲ့ အာဆီယံ APA ခေါ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဆပ်ကော်မတီနဲ့ တောင်သူလယ်သမားနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီ စသဖြင့် ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။

ဒီနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း အဖွင့်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ ပြည်သူတွေရဲ့အသံ၊ ဆန္ဒသဘောနဲ့ မျှော်လင့်ချက်တွေကို အလေးထား ဆန်းစစ်ဝေဖန်ပြီး လက်တွေ့ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြပါလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့က ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်အောင် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား အကောင်အထည် ဖော်နေပါတယ်လို့ ပြောခဲ့ပေမဲ့ အများမျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့တော့ ပြောဆိုတာ မရှိပါဘူးလို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွေကို ပြည်တွင်း သတင်းမီဒီယာတွေ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG