သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်စတင်


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော် လေဆိပ်တွင် ပို့ဆောင်ခဲ့ကြတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၁၁ နာရီလောက်က ဘန်ကောက်မြို့ ဒုံမောင်း လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာသမ္မတနဲ့ အဖွဲ့ကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yuthasak Sasiprapa နဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ Chon Buri ပြည်နယ် Laem chabang ဆိပ်ကမ်းနဲ့ စက်မှုဖွံ့ဖြိုးမှု ဇုံတွေကို သွားရောက် လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ တွေ့ဆုံဖို့ ရှိပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲမှာ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ တည်ဆောက်ရေး၊ ရခိုင်ပြည်နယ်က ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များအရေး အပြင် မြန်မာနိုင်ငံက ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက် အရေးကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးသား ဖော်ပြပါတယ်။

မြန်မာသမ္မတဟာ အခုခရီးစဉ်အတွင်း ထိုင်းဘုရင့်သမီးတော်၊ မဟာချက်ကရီသီရိဒုံ နဲ့လည်း တွေ့ဆုံဖို့ ရှိပြီး၊ တခြား နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်က ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အခုခရီးစဉ်မှာ နိုင်ငံတော် သမ္မတနဲ့အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ တခြားအစိုးရ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင် ခရီးစဉ်တွေနဲ့ မတူတဲ့အချက်က သမ္မတရဲ့ အခုခရီးစဉ်မှာ မြန်မာထိပ်တန်း စီပွားရေး လုပ်ငန်းရှင်ကြီးတွေ လိုက်ပါမသွားဘဲ ရန်ကုန်၊ မုံရွာက အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတို့မှ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ လိုက်ပါခဲ့ကြတယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

မြန်မာသမ္မတဟာ အခုခရီးစဉ် မတိုင်ခင်က ထိုင်းနိုင်ငံသွားမယ့် ခရီးကို ၂ ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံမက တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး စီးပွားဖက်လည်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ထိုင်းနဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ဖိုး ကုန်သွယ်ရေး ပမာဏရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလအစောပိုင်းက မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရာက်ပြီး မြေယာလုပ်ကိုင်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို လာမယ့် သီတင်းပတ်ထဲမှာ တရားရုံးတင် စစ်ဆေးဖို့ ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီးတဲ့နောက် တရားရုံးမှာ ဆုံးဖြတ်ချက်အမိန့် ချဖို့ ရှိတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ထိုင်းနိုင်ငံသား ၉၂ ယောက်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်ပြီး ရာဘာစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ခဲ့တဲ့အတွက် ဇူလိုင်လ ၄ ရက်နေ့က မြန်မာတာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG