သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့


သမ္မတဦးသိန်းစိန် လင်ကွန်း အထိမ်းအမှတ်ကျောက်ရုပ်ရှိရာ သွားရောက်လည်ပတ် ကြည့်ရှုနေစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၃)။
သမ္မတဦးသိန်းစိန် လင်ကွန်း အထိမ်းအမှတ်ကျောက်ရုပ်ရှိရာ သွားရောက်လည်ပတ် ကြည့်ရှုနေစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၃)။
အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ဝါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ သမ္မတဦးသိန်းစိန်ဟာ ညနေဘက် သံရုံးမှာ မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ ဝါရှင်တန်မြို့တော် ထဲက အထင်ကရနေရာ တချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘယ်နေရာတွေသွားကြည့်တယ် ဆိုတာကိုတော့ သမ္မတရဲ့ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဦးရော်နီငြိမ်းကို မစုမြတ်မွန်က ဆက်သွယ်မေး ထားပါတယ်။

စနေနေ့မနက်ပိုင်းမှာ ရောက်လာတဲ့ သမ္မတရဲ့ ပထမနေ့ အစီအစဉ်ကို ဦးရော်နီငြိမ်းက ခုလို စပြောပါတယ်။

“သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက် စနေနေ့ နေ့လည် ၁၁ နာရီခွဲမှာ ဝါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိလာပြီးတော့ သူတည်းခိုရာ Four Seasons ဟိုတယ်ကို တိုက်ရိုက်သွားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ Lincoln Memorial လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့၊ ကျွန်စနစ်ကို တိုက်ဖျက်ပစ်ခဲ့တဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ရှိရာကို သွားပြီးတော့ လေ့လာပါတယ်။ ဒါ့အပြင် သမ္မတကြီးဟာ နိုင်ငံသားအခွင့်အရေး Civil Rights ကို ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဂျူနီယာ။ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ I have a dream ဆိုတဲ့ မိန့်ခွန်းပြောကြား ရာ ကျောက်ပြားပေါ့နော်။ ၁၉၆၃ ခုနှစ်မှာ ဒေါက်တာမာတင်လူသာကင်း ဟာ Lincoln Memorial လှေကားထစ်တွေပေါ်မှာ ရှိတဲ့ ကျောက်ပြားတစ်ပြားပေါ် ကနေပြီးတော့၊ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကျောက်ပြားလေးကို အထိမ်းအမှတ်အဖြစ်နဲ့ လုပ်ထားပါတယ်။ အဲဒီကျောက်ပြားလေးကိုလည်း သမ္မတ ဦးသိန်းစိန်က လေ့လာကြည့်ရှုခဲ့ပါတယ်။ ညနေ ၅ နာရီခွဲမှာတော့ မြန်မာသံရုံးမှာ မြန်မာမိသားစုအသိုင်းအဝိုင်းက ဧည့်ခံတည်ခင်းတဲ့ ညစာစားပွဲကို သွားရောက်ပါတယ်။”

“၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ရောက်ရှိခဲ့ပြီးတော့နောက်ပိုင်း မြန်မာ အစိုးရ ခေါင်းဆောင်အနေနဲ့ တရားဝင် အမေရိကန်အစိုးရက ဖိတ်ကြားလို့ ၄၇ နှစ်အကြာမှာ ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ မေးကြည့်ခဲ့ပါတယ်”

ဦးရဲထွဋ်။ ။ ကျနော်တို့ သမ္မတကြီးရဲ့ခရီးစဉ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ကျနော်တို့ မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုနားလည်ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားနိုင်ဖို့အတွက် ကျနော်တို့ရှင်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။ အဓိက ကတော့ အဲဒီနှစ်ချက်ကို မျှော်လင့်ပြီး လုပ်ပါတယ်။

“ဒါကတော့ မြန်မာအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ပြောဆိုသွားတာဖြစ်ပါတယ်။”

ဟုတ်ပါပြီ ဦးရော်နီရေ။ သမ္မတဦးသိန်းစိန် ဒီတခေါက် ဝါရှင်တန်ဒီစီကို လာတဲ့အကြောင်း က သမ္မတ ဘရက်အိုဘားမားနဲ့တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္လာနေ့ မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ တွေ့ကြဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ အမေရိကန်သမ္မတနဲ့ တွေ့တာအပြင်၊ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ တခြားရှိတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါရှင့်။

“မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က စီစဉ်တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်။ တနင်္လာနေ့ မေလ ၂၀ ရက်နေ့ကျရင်တော့ မနက်ပိုင်းမှာ သမ္မတ အိုဘားမား ရှိရာ အိမ်ဖြူတော်ကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်ပြီးရင်တော့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ John Hopkins တက္ကသိုလ်ရဲ့ SAIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လာရောက် မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ညဘက်မှာ US-ASEAN Business Council လို့ခေါ်တဲ့ အမေရိကန်နဲ့ အာဆီယံတို့ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရှိထားပါတယ်ခင်ဗျာ။”

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို အနီးကပ် လိုက်ပါ စောင့်ကြည့်နေတဲ့
ဦးရော်နီငြိမ်း ဖြစ်ပါတယ်။
XS
SM
MD
LG