သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကုန်အမှီ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့ သမ္မတကတိပြု


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က မြန်မာသမ္မတ ဦးသိန်းစိန်ကို လက်ဆွဲနှုတ်ဆက်ကြိုဆိုစဉ် (၁၅ ဇူလိုင် ၂၀၁၃)
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က မြန်မာသမ္မတ ဦးသိန်းစိန်ကို လက်ဆွဲနှုတ်ဆက်ကြိုဆိုစဉ် (၁၅ ဇူလိုင် ၂၀၁၃)
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို နှစ်ကာလ ရှည်ကြာစွာ ပိတ်ဆို့ အရေးယူခဲ့ပြီးတဲ့နောက် ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ဆောင်လာနေတဲ့အချိန်မှာပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ပထမဆုံးအကြိမ် တရားဝင် အလည်အပတ် ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ ကုန်သွယ်ရေးနဲ့ စစ်ဖက်ဆိုင်ရာတွေမှာ ပူးပေါင်းလုပ်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတွေ တိုးမြှင့် ကောင်းမွန်လာနေပေမဲ့လည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ထောက်ပြနေကြဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Henry Ridgwell လန်ဒန်မြို့က ပေးပို့ထားတဲ့ သတင်းနဲ့အတူ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ကုန်သွယ်ရေးနဲ့ စစ်ဖက်ရေးရာကိစ္စတွေမှာ တိုးမြှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ခေါင်းဆောင် ၂ ဦး တွေ့ဆုံပြီးတဲ့နောက် ဗြိတိန်ကနေ မြန်မာနိုင်ငံကို အကူအညီပေးမယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ - ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ပေါင်စတာလင် သန်း ၃၀ ကူညီပေးသွားမှာဖြစ်တဲ့အကြောင်း ဗြိတိန်အစိုးရ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး Justine Greeting က ပြောပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ ကျန်းမာရေး အခြေခံလိုအပ်ချက်၊ ပညာရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပွင့်လင်း မြင်သာမှုရှိရေးနဲ့ ညီမျှတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ငန်းတွေအတွက်လည်း ပေါင်းစတာလင် လေးသိန်းခွဲ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေအပြင် ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့လည်း နောက်ထပ် ပေါင်စတာလင် ၂၉ သန်းကျော် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ပေါင်စတာလင် ၂၉ သန်းကျော်ကိုတော့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့လုပ်ငန်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေး၊ EITI လို့ခေါ်တဲ့ တွင်းထွက်ပစ္စည်း ထုတ်ယူတဲ့နေရာတွေမှာ ပွင့်လင်း မြင်သာမှုရှိရေးနဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေကို အကူအညီပေးမယ့်ဌာန တည်ဆောက်ရေးအတွက် အသုံးချသွားမှာ ဖြစ်ပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြန်မာစစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး Philip Hammond က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်သစ် သမိုင်းမှာ တခါမှ မကြုံဘူးတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်းတွေကို နိုင်ငံတကာ ရေးရာတွေကို သုတေသနပြုစုနေတဲ့ Chatham House မှာ မနေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မကျန်စေရေးအတွက် ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများပါဝင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်လျက် ရှိနေပါတယ်။ ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မကျန်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့ အကြောင်းလည်း အသိပေး ပြောကြားလိုပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်က အခုလို ဆက်ပြောသွားပါတယ်။

“လက်ရှိ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကျနော်တို့ တိုင်းရင်းသားတွေကြားမှာ ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ ခါးသီးတဲ့ဒဏ်ရာတွေ၊ စွန့်လွှတ်တဲ့ အတွေ့အကြုံတွေနဲ့ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေအပေါ်မှာ အမြစ်တွယ်လျက် ရှိနေပါတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တည်းနဲ့ မဟုတ်ဘဲ ၁၂ ဖွဲ့ကျော်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေရတာဖြစ်ပါတယ်။”

လာမယ့်ရက်ပိုင်းအတွင်း တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခု ဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောဆိုသွားပါတယ်။

သမ္မတဦးသိန်းစိန်ကို ဗြိတိသျှအစိုးရက နွေးထွေးစွာ ကြိုဆိုခဲ့ပေမဲ့လည်း သူ့ရဲ့ ဒီခရီးစဉ်ဟာ အဖုအထစ်ကင်းတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံမှာ ရှိနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပေါ်နေသေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကန့်ကွက်ကြောင်း သမ္မတ သွားလေရာ နေရာ အတော်များများမှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ လန်ဒန်မြို့ကနေ ဒီကနေ့ည ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ သူ့ရဲ့ ၂ ရက်ကြာ ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း (Francois Hollande) အပါအဝင် တခြား အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ပေးမယ်လို့ မနေ့က Chatham House မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုသွားပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပုဒ်မ မတပ်ဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ အများအပြား ရှိနေသေးတာကြောင့် ဒီလူတွေ ပြန်လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြင်သစ်နိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုထွေးက ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြမှာကတော့ အခု လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပုဒ်မ ၁၈၊ ၅၀၅ (ခ) ဖမ်းဆီးထားတဲ့သူတွေ အဲ့ဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ကျနော်တို့က အဲ့ဒီ ရည်ရွယ်ချက်နဲ့ ဆန္ဒပြမှာပါ။ ဘာဖြစ်လို့လဲဆို အခု ပုဒ်မ ၁၈၊ ၅၀၅ (ခ) နဲ့ ဖမ်းဆီးထားတဲ့သူတွေကို သူက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားတာ မရှိဘူး။ ကျနော်တို့က အဲ့ဒီလူတွေကို လွှတ်ပေးဖို့အတွက် အဓိကထားပြီး တောင်းဆိုမှာဖြစ်ပါတယ်။ ကိုအောင်စိုး အပါအဝင် ၃ ဦးပေါ့။ ဒေါ်မိမိခ အပါအဝင် ၃ ဦးပေါ့။ နောက် ကိုသန့်ဇင်ထက်ပေါ့။ အဲ့ဒီလူတွေကို လွှတ်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုမှာပါ။”

သူတို့လိုပဲ ပြင်သစ်နိုင်ငံက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်ခရီးစဉ်အတွင်း ဆန္ဒပြကြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အလားတူပဲ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အဖွဲ့ကလည်း - မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစလို့ သတင်းမီဒီယာ သမားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူခဲ့ခြင်း မရှိတာတွေကို စုံစမ်း စစ်ဆေးပေးဖို့ အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး RSF အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ပြောပါတယ်။

“သိကြတဲ့အတိုင်းပါပဲ၊ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်နိုင်ငံကနေ ပြင်သစ်မှာ ၂ ရက်ကြာ လည်ပတ်ဖို့အတွက် ဒီည ရောက်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကျနော်တို့အနေနဲ့ အသိအမှတ်ပြုတဲ့ တချိန်ထဲမှာပဲ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ သတင်း မီဒီယာသမားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိဘဲ အခုချိန်ထိ လျစ်လျူ ရှုထားပါတယ်။ အထူးသဖြင့်တော့ ၁၉၉၁ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေအကြား သေဆုံးသွားကြတဲ့ သတင်းထောက် ၆ ယောက်ကိစ္စကို မီးမောင်းထိုးပြချင်ပါတယ်။ အဲဒီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ သမ္မတ ဦးသိန်းစိန်အနေနဲ့ ကိုင်တွယ် ဖြေရှင်းပေးပါလို့ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။”

အဲဒီ သေဆုံးသွားကြတဲ့ လူတွေကတော့ Asahi Shinbun သတင်းထောက် ဦးနေဝင်း အကျဉ်းထောင်အတွင်း ကွယ်လွန်သွားတဲ့ကိစ္စ၊ ဦးဘသော်ခေါ် မောင်သော်က အကျဉ်းထောင်အတွင်း ၁၉၉၁ ခုနှစ်မှာ သေဆုံးသွားတဲ့ကိစ္စ၊ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာ ဦးစောဝင်း သေဆုံးသွားတဲ့ကိစ္စ၊ ကြေးမုံသတင်းစာ ဓါတ်ပုံသတင်းထောက် ဦးသာဝင်း ထောက်လှမ်းရေး အကျဉ်းစခန်းမှာ သေဆုံးသွားတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားတဲ့ ဓါတ်ပုံဆရာ တင်မောင်ဦး ဒီပဲယင်း အဓိကရုဏ်းအတွင်း ရိုက်ခံရပြီး နေရာတင် ပွဲခြင်းပြီး သေဆုံးသွားတဲ့ကိစ္စ၊ ဂျပန်သတင်းထောက် Kenji Nagai ရွှေဝါရောင် တော်လှန်ရေးအတွင်း စစ်တပ်က ပစ်တဲ့ကျည်ဆံထိမှန်ပြီး သေဆုံးသွားတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မှာတော့ ပြင်သစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ Medes မှာ အရင်ဆုံးတွေ့ဆုံပြီး ပြင်သစ် သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတနဲ့အတူပါလာတဲ့ ကိုယ်စားလှယ်တချို့ကလည်း ဇူလိုင်လ ၁၈ ရက်နေ့မှာ သူတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း RSF အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG