သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် သံတွဲရောက်


သမ္မတဦးသိန်းစိန် မြောက်ဦးလေဆိပ်ကို ရောက်ရှိစဉ်။ (အောက်တိုဘာလ ၁၊ ၂၀၁၃)
သမ္မတဦးသိန်းစိန် မြောက်ဦးလေဆိပ်ကို ရောက်ရှိစဉ်။ (အောက်တိုဘာလ ၁၊ ၂၀၁၃)
မနေ့ကတည်းက ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ညနေပိုင်းမှာတော့ သံတွဲမြို့ဆီ ရောက် သွားပါပြီ။ သံတွဲမြို့နားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မတည်မငြိမ် ရှိနေချိန်မှာပဲ သမ္မတရောက်သွားတာပါ။ သံတွဲမြို့ကို မသွားခင် စစ်တွေမြို့မှာတော့ ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်မှာ ၃ ရက်ကြာ လည်ပတ်ဖို့ အတွက် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာလ ၁ ရက်နေ့က ရောက်ရှိသွားတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ စစ်တွေမြို့မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနက်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့မနက်မှာ ရခိုင်ဘက်က ကိုယ်စားလှယ်တွေရော၊ ဘင်္ဂလီဘက်က ကိုယ်စားလှယ်တွေရော သမ္မတကြီးက ခေါ်တွေ့ပါတယ်။ စစ်တွေမှာပါခင်ဗျ။ ကျနော်တို့ တိုင်းရင်းသားတွေမှာတော့ ဘုန်းကြီးမပါပါဘူးခင်ဗျ။ မူစလင်တွေထဲမှာတော့ သူတို့ဘာသာရေးဆရာတွေပါပါတယ်။"

အဲဒီလို တွေ့ဆုံတဲ့အထဲ ရခိုင်တိုင်းရင်းသားမြို့မိမြို့ဖတွေ၊ အစ္စလာမ် လူမှုရေး ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဒီကနေ့ စစ်တွေမြို့အနီးဝန်းကျင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး သံတွဲမြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။

"ဒီနေ့တော့ မြို့ကို လှည့်ကြည့်ပါတယ်ခင်ဗျ။ လှည့်ကြည့်ပြီးတော့ ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးလုပ်ပါတယ်ခင်ဗျ။ ပြီးတော့ ကျောက်ဖြူဘက် ကို ဆက်ပြီးတော့ ထွက်ခွာပါတယ်။ ကျောက်ဖြူ၊ ကျောက်ဖြူကနေပြီးမှ သံတွဲကို သွားမှာပါခင်ဗျ။"

သံတွဲမြို့ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက ဆူပူ အကြမ်းဖက်မှုတွေ ရက်ဆက် ဖြစ်ပေါ်တဲ့ မြို့ဖြစ်သလို အရင် ဆူပူမှုတွေ ဖြစ်ပေါ်ကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဆက်လက် ထုတ်ပြန်ထားတဲ့ မြို့လည်း ဖြစ်ပါတယ်။

ဆူပူမှုတွေ ငြိမ်သက်သွားပြီးနောက် ပုဒ်မ ၁၄၄ ကို ည ၁၁ နာရီကနေ မနက် ၄ ရီအထိ လျော့ချပေးထားခဲ့ပေမယ့်လည်း အခု အသစ်ပြန်ဖြစ်တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီကို တိုးချဲ့ သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ကြားကပဲ မူလက စီစဉ်ထားတဲ့အတိုင်း သံတွဲမြို့ကို ရောက်သွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ အခု ဆူပူမှုတွေဟာ သံတွဲမြို့ပေါ်မှာ ဖြစ်နေတာမဟုတ်ပဲ တခြား မြို့နဲ့ ဝေးတဲ့ဒေသတွေမှာဖြစ်နေတာကြောင့် သမ္မတ ခရီးစဉ်အတွက် ဘယ်လိုမှ အနှောက်အယှက် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

"ဘာမှ ဖြစ်နိုင်စရာအကြောင်းမရှိပါဘူးခင်ဗျာ။ သံတွဲက ၂၉၊ ၃၀ရက်နေ့ ကတည်းက အေးအေးဆေးဆေးပါပဲခင်ဗျ။ ကောလဟာလတွေကြောင့်သာ လူတွေက သွားလာမှု၊ နည်းနည်းလေး တန့်သွားတာပါရှိပါတယ်။ သံတွဲမှာ ဘာမှမဖြစ်ပါဘူး။ အခုဖြစ်တာ သံတွဲနဲ့ မိုင် ၂၀၊ ၂၅မိုင်လောက် ဝေးတဲ့ ရွာတွေမှာ ဖြစ်တာပါခင်ဗျ။ အဲ့ဒီ့မှာ တာဝန်ပေးထားတဲ့ဝန်ကြီးက မနေ့က မနက်ကတည်းက သွားပါတယ်ခင်ဗျ။ ဝန်ကြီးမသွားခင် ကတည်းက ဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးအဖွဲ့တွေက ချက်ခြင်းပဲ သွားကြပါတယ်။ တချို့နေရာလေးတွေက ချောင်းတဖက်ကမ်း မဖြစ်ဘူးလို့ ထင်တဲ့နေရာတွေကို ကျနော်တို့က လုံခြုံရေးကလည်း ဝေးတယ်လေ၊ အဲ့ဘက်တွေကျတော့။"

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရေရှည် ပြေလည်နိုင်ရေး လုပ်ဆောင်ဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ လက်ရှိ ရခိုင်အစိုးရအဖွဲ့ လုပ်ဆောင်နေတဲ့ တခြား လုပ်ငန်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာတွေကို ကိုယ်တိုင် လေ့လာ သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ဦးသိန်းစိန် ဒီ ခရီးစဉ်ကို သွားတာဖြစ်တဲ့အကြောင်း သမ္မတရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို မနေ့က ပြောပြခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဟိုတယ်နဲ့ ခရီးဝန်ကြီး ဦးဌေးအောင်၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိမ်းနဲ့ ဦးတင်နိုင်သိန်း၊ ဒုတိယဝန်ကြီးတွေနဲ့ စစ်ဖက် အရာရှိတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်
XS
SM
MD
LG