သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်


တသောင်းတန် ငွေစက္ကူအသစ်။
တသောင်းတန် ငွေစက္ကူအသစ်။

မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ စတင်ထုတ်ေ၀ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ဇွန်လ ၁၅ ရက်နေ့ပါ။ ဗဟိုဘဏ်တွေကို လောလောဆယ် မရောက်သေးပါဘူး။ ဒီကြားထဲမှာပဲ ရောက်လာပြီးတော့၊ ဒီကြားထဲမှာပဲ ကျနော်တို့က သူ့ ရက်အမှီ ဖြန့်ဖို့ စီစဉ်ပါတယ်။"

အခု ငွေစက္ကူသစ် ထွက်မယ်ဆိုတဲ့ အတွက် နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေဖြစ်လာနိုင်စရာ မရှိသလို ငွေကြေး ဖောင်းပွမှု ပြသနာမျိူးတွေလည်း မဖြစ်ရအောင် အစိုးရက စီစဉ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မက်ကရို (Micro) စီးပွားရေး အခြေအနေတွေအရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီ ဖောင်းပွမှုအပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (ပေါ်လစီမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့က ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။"

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော် ပြောပြခဲ့တာပါ။

အခု ကျပ်တစ်သောင်းတန် ငွေစက္ကူ မတိုင်ခင် မြန်မာနိုင်ငံမှာ ကျပ် ငါးထောင်တန် (၅၀၀၀) တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရက အကြီးဆုံး ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို ထိန်းထိန်းသိမ်းသိမ်း ထုတ်ဝေခဲ့တဲ့ပုံစံကို နမူနာယူပြီး
အခု ကျပ်တစ်သောင်းတန်ကို ဖြန့်ချိ သွားမယ်ဆိုရင် နိုင်ငံထဲမှာ ငွေကြေးဖောင်းပွလာမယ့် ပြသနာကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ပါတယ်။

"ကျနော်တို့ ငါးထောင်တန် ထုတ်လိုက်တုန်းက ထုတ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အလုံးအရင်းနဲ့ ထွက်လာတာ မဟုတ်ပဲနဲ့ တဖြည်း တဖြည်း ထွက်လာလိုက်ပါတယ်။ ထွက်လာတော့ အဲဒီဟာကို သူတို့ နမူနာ ယူပြီးတော့ အခု ဒီဟာကိုလည်း အဲဒီလို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူက ဟို Inflation (ငွေကြေး ဖောင်းပွမှု) ကို ချက်ချင်းကြီး ဖြစ်လာနိုင်စရာ မရှိအောင် သူတို့ ငွေကို ထုတ်ပါလိမ့်မယ်လို့ ဒီလိုထင်ပါတယ် ကျနော်တော့လေ။ ဘာလို့လည်းဆိုတော့ သူတို့လည်း အတွေ့အကြုံ ရှိပြီးသား ဆိုတော့လေ ဆိုလိုတာက အရင့် အရင် လုပ်ခဲ့တော့ ချက်ချင်းပဲ တုန့်ပြန်မှုတွေ ဖြစ်လာတယ်၊ အဲဒါကို သူတို့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီတော့ ဒီအတွေ့အကြုံကို သူတို့ ယူပြီးတော့ လုပ်ရင်တော့ ဆိုးဆိုး ရွားရွား ဖြစ်လာနိုင်စရာတော့ အကြောင်း မရှိလောက်ဘူးလို့ ကျနော်တော့ ဒီလို ယူဆမိပါတယ်။"

လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြသနာဟာ သိပ်ပြီး ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်မို့ အလွန်အကျွံ မဟုတ်ပဲနဲ့ ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာမယ် ဆိုရင်တောင် စီးပွားရေးလုပ်ငန်း တချို့အတွက် အကျိူးရှိလာနိုင်စရာတောင် ရှိတယ်လို့လည်း ဦးလေးညွန့်က သူအမြင်ကို ပြောပြပါတယ်။

"အခု အခြေအနေကတော့ ကျနော်တို့က ငွေကြေး ဖောင်းပွမှု အတော် နဲနေပါတယ်။ နဲနေပါတယ်ဆိုတာ အဓိက Commodities (စားသုံးကုန်) တွေဖြစ်တဲ့ ဥပမာ ဆန်တို့၊ ဆီတို့ စတဲ့ မီးဖိုချောင်သုံး သီးနှံ အချို့ကလွဲရင်ပေါ့လေ၊ အချို့ကဆိုတာ ဆန်ဆိုရင် အောက်ဈေးပါ။ တကယ် ဖြစ်နေတဲ့ ဆန်ဈေးနဲ့က ဆန်ဈေးက နိမ့်နေပါတယ်။ အဲဒီတော့ လယ်သမားကလဲ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်တဲ့ဟာမျိုးပေါ့။ ကျနော့် အမြင်တော့ Inflation ဖြစ်လာပြီးတော့များ Demand တက်လာမယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာလို့ ကျနော်က ဒီလို ယူဆမိပါတယ်။ ဟို တဖက်ကလည်း ပြောကြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ Inflation ရှိနေတယ်။ အဲဒီတော့ ရှိတာလည်း မှန်ပါတယ်။ ဒီ တသောင်းတန်စက္ကူ ထွက်လို့များ မထိန်းပဲနဲ့ ထုတ်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် ထိန်းပြီးတော့များ အခု ငါးထောင်တန်
လုပ်သလိုမျိုး ထိန်းပြီးတော့ အလွန်အမင်း ငွေကြေး ဖောင်းပွတာ၊ ရုတ်တရက် Hyperinflation မဖြစ်အောင် ထိန်းထားနိုင်တယ် ဆိုရင်တော့ အကျိုးတခု ရလာလိမ့်မယ်လို့ ဒီလို ယူဆနိုင်ပါတယ်။"


စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ခဲ့တာပါ။

အခုထုတ်ဝေမယ့် ငွေစက္ကူ တစ်သောင်းတန် အသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပြီး အပြာရောင်ပေါ်လွင်တဲ့ ငွေစက္ကူ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အကြွေတွေဟာလည်း တရားဝင် နိုင်ငံမှာ ဆက်လက်သုံးစွဲခွင့် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG