ကလေးသူငယ်တွေအပါဝင် အမျိုးသမီးတွေပေါ်မှာပါ တချိန်က လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ကာဒီနယ် ရဟန်းအမတ်ဖြစ်သူ အသက် ၈၈ နှစ်အရွယ် Theodore McCarrick ကို ရိုမန်ကက်သလစ် ရဟန်းဘဝကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
McCarrick ကို ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ်ကနေ ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အီတလီနိုင်ငံ ဗာတီကန် နန်းတော်က စနေနေ့မှာ ကြေညာလိုက်တာပါ။ ဒါဟာ ကက်သလစ် သာသနာပြုလောကမှာ အဆင်မြင့်ဆုံး ကာဒီနယ်ရဟန်းအမတ်အထိ ရောက်ခဲ့ပြီးသူတဦးကို ပထမဆုံးအဖြစ် အတင်းအကြပ် နုတ်ထွက်ခိုင်း ခဲ့တာလည်း ဖြစ်ပါတယ်။ McCarrick ဟာ တချိန်က ဝါရှင်တန်ဒီစီရဲ့ ဂိုဏ်းချုပ်ဆရာတော် တပါးဖြစ်ပြီး သြဇာ ညောင်းသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဂျူလိုင်လက သူ့ကို ပထမအဆင့်အဖြစ် ကာဒီနယ်ရဟန်းအမတ်ကနေ ရာထူးချခဲ့ပြီး ကက်သလစ် ရဟန်းလောကမှာ ဒီလိုအဆင်မြင့် ပုဂ္ဂိုလ်တဦးကို ရာထူးလျှော့ချတာဟာ လွန်ခဲ့တဲ့နှစ် ၁ဝဝ လောက်အတွင်း ပထမဆုံးလည်းဖြစ်ပါတယ်။
ဗာတီကန်နန်းတော်မှာ အရေးကြီးတဲ့ ထိပ်သီးစည်းဝေးပွဲ မလုပ်ခင် တရက်အလိုမှာ McCarrick ကို ရဟန်းဘဝ က ထုတ်ပယ်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။ အဲဒီထိပ်သီဆွေးနွေးပွဲမှာတော့ ဒီကနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုတွေ အကြောင်းကို ရဟန်းအမတ်တွေကြား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တကယ်တော့ McCarrick အပေါ်စွပ်စွဲချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ က ဖြစ်ရပ်တွေ ပေါ် အခြေခံထားတာပါ။ အဲဒီထဲမှာ အသက် ၁၆ နှစ် အရွယ် ယောက်ျားလေး တယောက်ကို လိင်ပိုင်းစော်ကားခဲ့မှုလည်း ပါဝင်ပါတယ်။ McCarrick ကတော့ အဲဒီကိစ္စကို သူ မမှတ်မိဘူးလို့ ငြင်းဆိုပါတယ်။