သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေအရှုံးနဲ့ နိဂုံးချုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် တုန့်ပြန်


ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက နံပါတ် (၁၀) ဒေါင်းနင်းလမ်း သူ့အိမ်တော်ရှေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားနေစဉ် (မတ်လ ၂၂၊ ၂၀၁၇)
ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက နံပါတ် (၁၀) ဒေါင်းနင်းလမ်း သူ့အိမ်တော်ရှေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားနေစဉ် (မတ်လ ၂၂၊ ၂၀၁၇)

အကြမ်းဖက်သမားတွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ကြရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက ပြောကြားလိုက်ပါတယ်။ ဗြိတိန်ပါလီမာန် အဆောက်အဦးနားမှာ အကြမ်းဖက် တိုက်ခိုက်မှု ဗုဒ္ဒဟူးနေ့ညနေပိုင်းက ဖြစ်ပွားခြင်းအပြီး ဝန်ကြီးချုပ်မေက နိုင်ငံကို မိန့်ခွန်းပြောစဉ်မှာ ဗြိတိန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေ ကို လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေကလည်း ဗြိတိန်နိုင်ငံနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက ဆက်ပြီးတင်ပြပါလိမ့်မယ်။

လန်ဒန်မြို့တော်အလယ်မှာ ဗုဒ္ဓဟူးနေ့ မတ်လ (၂၂)ရက်နေ့ နေ့ခင်း (၂)နာရီကျော်က Westminster တံတားပေါ်မှာ SUV မော်တော်ကား မောင်းနှင်လာသူတဦးရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူအပါအ ဝင် လူ (၄)ဦး သေဆုံးခဲ့ပြီး တခြားလူ (၂၀)ခန့်လည်း ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ရပ်အဖြစ် ဗြိတိန်အစိုးရက သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်တဲ့အချိန်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေဟာ အောက်လွှတ်တော်စည်းဝေးခန်းမ တဘက်ရှိ မဲပေးတဲ့အဆောင်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။ သေနတ်သံတွေကြားရတော့ သူ့ရဲ့ သက်တော်စောင့်တွေက ဝန်ကြီးချုပ်ကို ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ထရီစာမေက နံပါတ် (၁၀) ဒေါင်းနင်းလမ်း သူ့အိမ်တော်ရှေ့မှာ နိုင်ငံကို စိတ်ခံစားမှုအပြည့်နဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ဒီကနေ့ညနေ ကျမတို့ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးစဲရှိပါတယ်။ ဒါပေမဲ့ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံတွေက ကျမကို အစီရင်ခံချက်အရ ကျမအတည်ပြု ပြောကြားနိုင်တဲ့အချက်ကတော့ ဒီစက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်စတင်ခဲ့တာက ဒီတိုက်ခိုက်သူဟာ Westminster တံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို သူမောင်းလာတဲ့ကားနဲ့ ဝင်တိုက်ခဲ့ရာမှာ လူ (၂)ဦးသေဆုံးခဲ့ပါတယ်။ ရဲအရာရှိ (၃)ဦးအပါအဝင် အခြားလူအများအပြားလဲ ဒဏ်ရာရရှိသွားပါတယ်။ ဓါးကိုင်ဆောင်လာတဲ့ အဲဒီတိုက်ခိုက်သူဟာ လွှတ်တော်ဝင်းဘက်ကို အတင်းမောင်းနှင်ရာက သူ့ကို ကျမတို့ရဲ့ လုံခြုံရေးနဲ့ ကျမတို့ရဲ့ ဒီမိုကရေစီအဆောက်အဦတွေကို စောင့်ရှောက်ပေးနေတဲ့ ရဲအရာရှိတွေက တားခဲ့တာဖြစ်ပါတယ်။ စိတ်ထိခိုက်စရာကောင်းတာကတော့ ရဲအရာရှိတဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သမားလဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်လို့ ဝန်ကြီးချုပ် ထရီစာမေက ပြောသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG