Zawgyi/Unicode
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၂၀၂၀ ခုနှစ်၊ နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံက ကြက်တောင်ကစားသမား သက်ထားသူဇာဟာ ပြိုင်ဘက် အင်ဒိုနီးရှားနိုင်ငံသူကို ဒီကနေ့မှာဘဲ ၂ ပွဲအပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အိုလံပစ်ပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ကြက်တောင်ပြိုင်ပွဲမှာ သက်ထားသူဇာနဲ့ သေနတ်ပစ်ပြိုင်ပွဲမှာ ရဲထွန်းနောင်တို့ ၂ ဦး သွားရောက် ယှဉ်ပြိုင်နေကြတာမှာ ရဲထွန်းနောင်ကတော့ ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့ကကျင်းပတဲ့ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။
တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု M မှာ ပါဝင်တဲ့ သက်ထားသူဇာကတော့ ဇူလိုင်လ ၂၇ ရက်၊ အင်္ဂါနေ့မှာ Belgium က ကစားသမားနဲ့ ဒုတိယပွဲစဉ်အဖြစ် ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် နောက်ဆုံးနဲ့ တတိယနေ့အဖြစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ဇူလိုင်လ ၂၅ ရက်၊ တနင်္ဂနွေနေ့ တိုကျိုမြို့ ဒေသစံတော်ချိန် ည ၇ နာရီခွဲအထိ ဆုရရှိထားတဲ့ နိုင်ငံတွေစာရင်းမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၅ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၉ ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အိမ်ရှင် ဂျပန်နိုင်ငံကလည်း ရွှေတံဆိပ် ၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆ ခုနဲ့ ဒုတိယနေရာမှာ ရှိနေသလို အမေရိကန်ပြည်ထောင်စုကတော့ ရွှေတံဆိပ် ၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၈ ခုနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။
---------
Unicode
#MyanmarSports #JapanOlympic #VOABurmese