သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဂူထဲပိတ်နေတဲ့ကလေးများ ကယ်ထုတ်ရေးနောက်ဆုံး အလားအလာ


ဂူထဲပိတ်မိနေတဲ့ ထိုင်းလူငယ်ဘောလုံးအသင်းကို ကူညီကယ်ဆယ်ရေး ပြင်ဆင်နေပုံ။

ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူထဲမှာပိတ်မိနေသူတွေကို ကယ်တင်ရေးမှာ လောလောဆယ် အစိုးရိမ် ရဆုံးက ရာသီဥတု အခြေအနေပါ။ ဒီကနေ့ကစပြီး လှိုဏ်ဂူရှိရာဒေသမှာ မိုးသက်မုန်တိုင်းတွေ ကျမယ် ဆိုတဲ့ မိုးလေဝသ သတိပေးချက်တွေရှိ နေတာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထူး ဂရုစိုက်နေရပါတယ်။ လှိုဏ်ဂူရှေ့မှာ ကယ်ဆယ်ရေးအခြေ အနေတွေကို မပြတ်စောင့်ကြည့်နေတဲ့ ထိုင်း အခြေစိုက် Network Media Group သတင်းနဲ့မီဒီယာကွန်ယက်က ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်မိုးမြင့်ကို နောက်ဆုံးအခြေအနေတွေကိုသိနိုင်အောင် ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ကိုအောင်မိုးမြင့် ရောက်နေတာက ဘယ်နေရာလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့အခုရှိနေတာက ဂူရှေ့မှာဗျ။ ဘာကြောင့်လဲဆိုတော့ ဒီည သတင်းစာ ရှင်းလင်း ပွဲကို ဒီခရိုင်မှူး ပြောတာကို စောင့်ပြီးနားထောင်နေတာပါ။ ချင်းရိုင်ခရိုင်မှူးပေါ့လေ။

မေး။ ။ သူက ဘာအကြောင်းတွေပြောလဲခင်ဗျ။

ဖြေ။ ။ အဓိက ပြောသွားကတော့ ကလေးတွေကို ထုတ်ဖို့အတွက် ဘာတွေလုပ်နေ သလဲ ပေါ့လေ။ ဥပမာ ဒီညမှာ နောက်ဆုံးသိတာတော့ အင်္ဂလန်ရေငုပ်သမားတွေကို ကလေးတွေကို ထုတ်လာလို့ ရမလား ဆိုပြီး ရေလမ်းကြောင်း သွားကြည့်ခိုင်းတယ်။ ပြီးတော့ကလေးတွေကိုလည်း ဟိုမှာ ရေကူး တာနဲ့ အောက်စီဂျင် အသက်ရှူနည်း သင်ပေး နေတာလည်း အဆင်ပြေပြီလားဆိုတာ သွားကြည့်ခိုင်းတယ်။ ရေလမ်းကြောင်း အဆင်ပြေ တယ်ဆိုရင် ကလေးတွေကိုခေါ်ထုတ်ဖို့ပေါ့လေ- သူတို့ စီစဉ်မယ်ဆိုတာမျိုးကို သိရတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာတော့ ခရိုင်မှူး ပြောသွားတာက သူ့ကိုနောက်ဆုံး အခြေအနေကို သူတို့အကြောင်း ပြန်မလာသေးတဲ့အတွက်ခေါ်ထုတ်မယ် မထုတ်ဘူး ဆိုတာ ပြောလို့မရတဲ့အတွက် မသိသေးဘူးလို့ပြောတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ ဆိုလိုတဲ့ သဘောက သူတို့ကိုရေလမ်းကြောင်းကပဲ ရေငုပ်ပြီးတော့ ခေါ်ထုတ်ဖို့များတယ်ဆိုတဲ့သဘောလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ နောက်ဆုံးအခြေအနေက အဲလိုပဲရှိတယ်ဗျ။ ဘာလို့လဲဆိုတော့ အခုက ဂူ ပေါက်အစကနေ ဝင်သွားလို့ရှိရင် T Shaped နားရောက်ခါနီးတဲ့ အခန်း ၃ ဆိုတဲ့ အခု သူတို့ စခန်းချထားတဲ့နေရာအထိကို ရေကလုံးဝခမ်းသလောက်ရှိသွားပြီ။ ဆိုတော့ အဲဒီ အခန်း ၃ ကနေ ရှေ့ T Shaped လမ်းစုံကနေ ဘယ်ဘက်ကိုချိုးသွားပြီး အခုကလေးတွေ ရှိတဲ့နေရာအထိသွား မယ်ဆိုလို့ရှိရင် ရေလုံးဝ ငုပ်သွားရမှာဖြစ်တယ်။ အဲဒီနေရာမှာ ပြဿနာက လုံးဝခေါင်းဖေါ်လို့မရဘူး။ အောက်စီဂျင်ဗူးနဲ့ လာရမယ့်ဟာမျိုး ရှိတယ်။ အဲဒီ ခရီးကလည်း ဝေးတယ်။ အနည်းဆုံး လူကြီး တယောက်တောင် သူတို့ ရေငုပ်သမား တွေတောင် သုံးနာရီလောက်အချိန်ယူရတာမျိုးရှိတယ်။

အောက်စီဂျင်ဘူးနဲ့ခေါ်လာမယ် ဆိုရင်လည်း ဒီရေလမ်းကြောင်းက လူတယောက်ကို အောက်စီဂျင်ဘူး ၃ လုံးကုန်တယ်။ အဲဒီ နေရာမှာ လည်း အောက်စီဂျင်နဲ့ အသက်ရှူ တတ်ရင် တလုံးကို တနာရီလောက် ခံတယ်။ အသက်မရှူတတ်ရင် ၂၅ မိနစ်ပဲခံတယ်။

… ဆိုတော့ အဲဒါကိုပါ စဉ်းစားတဲ့အတွက် သူတို့က ရေရှိတဲ့လမ်းဆုံနေရာလောက်ကနေ ကလေးရှိတဲ့ နေရာ အထိ ၂၅ မီတာခြား အောက်စီဂျင်ဘူးတွေ လိုက်တပ်ပြီးတော့ အရေးပေါ် ရှူနိုင်အောင် လမ်းဘေး တွေမှာ၊ နံရံဘေးတွေမှာ ဝင်ရှူနိုင်အောင် လိုက်လုပ် တာမျိုးတွေ ရှိတယ်။ ရေက ပြီးခဲ့တဲ့ ၂ ရက်လောက် က ၁၀ စင်တီမီတာလောက် တက်လာတယ်။ အခုတော့ပြန်ကျသွားပြီ ဒါပေမယ့် ပုံမှန်စုတ်ထုတ်နေတယ်။

မေး။ ။ ရာသီဥတုက အခုလောလောဆယ် ဘယ်လိုအခြေအနေရှိနေသလဲ ခင်ဗျ အဲဒီမှာ။

ဖြေ။ ။ မိုးဖွဲလေးတွေတော့ ကျနေတယ်ခင်ဗျ ဒီမှာတော့။ ခုနက မြို့ထဲက အသိတယောက် ဖုန်းဆက် ပြီး လှမ်းပြောတာတော့ - မြို့ထဲမှာ မိုးအကြီးအကျယ်ရွာနေတယ်လို့သိရတယ်။ ဒီနေ့ နေ့လည် ပိုင်း ကစပြီးတော့ စနေ တနင်္ဂနွေမှာ မုန်တိုင်းကျမယ်၊ မိုး အကြီးအကျယ် ရွာမယ် ဆိုတာလည်း ဒီမှာ သတိပေးထားတယ်ခင်ဗျ။ တဘက်ကတော့ စိုးရိမ်နေ တာပေါ့ နော်။ မိုး တအား ကြီးလာရင် ရေပြန်ပြည့် ပြီး ဂူပိတ်မှာ စိုးရိမ်တယ်။ ပြီးခဲ့တဲ့ ငါးရက် လောက် က ဂူပိတ်လို့၊ ရေက ဂူဝအထိ ပြန်ရောက် လာလို့ သူတို့ ရေစုတ်ထုတ်တာက တပတ်လောက်နီးနီးပြန်ကြာတော့ ရေပြန်ပြည့်သွားရင် ကလေးတွေကို ပြန် ကယ်ထုတ်ဖို့ အချိန်ပြန်ယူရမယ်ဆိုတော့ သူတို့ဒါကိုလည်းစဉ်းစားနေပုံရှိတယ်ခင်ဗျ။

မေး။ ။ မနေ့တုန်းကပဲ ကယ်ဆယ်ရေး ရေတပ်သားဟောင်းတဦး အောက်စီဂျင် မလောက် တာနဲ့ပဲ အသက်ပေးလိုက်ရတယ်။ ဒီအဖြစ်အပျက်က ဘယ်လောက်အထိ အခုအခြေ အနေကို ထိခိုက်စေလဲ ခင်ဗျ။

ဖြေ။ ။ တချို့ ဒီမှာရှိတဲ့ ဒေသခံတွေကတော့ ရေငုပ်သမားတောင် ဒီလိုဖြစ်ရင် ကလေးတွေ ဖြစ်မှာ ပို စိုးရိမ်တာပေါ့။ ကျနော်တို့မြင်တာတော့။ ဒါပေမဲ့ ဒီမနက်က သတင်းစာရှင်းလင်း ပွဲမှာ ရေတပ်ဗိုလ်ချုပ် ပြောသွားတာကတော့ ဒီလူက သူတို့တပ်ကပဲထွက်ထားပြီး ဒီလို စေတနာ့ ဝန်ထမ်းအနေနဲ့ လာကူ တာ။ သူသေဆုံးသွားတဲ့အတွက် သူတို့လုပ်ငန်းတွေကို ရပ်မဆိုင်းဘူး၊ နောက်မဆုတ်ဘူး။ ဒီကလေး တွေကို ခေါ်ထုတ်လို့ရအောင် ရှေ့ဆက် ကြိုးစားသွားမယ်ဆိုတာမျိုးတော့ သူတို့ဘက်ကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မေး။ ။ ခုစနေ၊ တနင်္ဂနွေမှာကိုပဲ မိုးတွေအကြီးအကျယ်ရွာမယ် မုန်တိုင်းရှိမယ်ဆိုတော့ ဒီမိုးလေ၀သအတွက် ဘယ်လိုပြင်ဆင်မူတွေ ဘယ်လိုကာကွယ်မူတွေ လုပ်နေတာ တွေ့ရသလဲခင်ဗျ။

ဖြေ။ ။ “ခရိုင်မှူး ခုည ၁၁ နာရီခွဲ ၁၂ နာရီလောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွား တာက တော့ သူတို့ stand-by လုပ်ထားတဲ့အဖွဲ့တွေရှိတယ်။ အခု ဂူရှေ့မှာ မိုးရွာသလိုမျိုး ဖွဲဖွဲပဲကျရင်တော့ ရေစုတ် ထုတ်နိုင်တဲ့အားနဲ့ ရေကျသွားနိုင်တဲ့အတွက် ဒီညပဲ အကုန် ထုတ်မယ့် သဘောရှိတယ်။ ဒါပေမယ့် အပြင်မှာ မိုးတအားရွာလို့ ရေနည်းနည်းကြီး လာ မယ် ဆိုရင်တော့ သူတို့ Stand-by လုပ်ထားတဲ့ အဖွဲ့နဲ့ အမြန်ခေါ်ထုတ်ဖို့ အစီအစဉ်လို မျိုးတော့ အရိပ်အယောင် ပြောသွားတယ်ခင်ဗျ။

မေး။ ။ အခု ကိုအောင်မိုးမြင့် ဘယ်လိုမြင်နေရလဲ၊ ပတ်ဝန်းကျင်မှာက ဒေသခံတွေများနေ သလား၊ နိုင်ငံတကာ သတင်းမီဒီယာတွေရောရှိနေသလား၊ ကယ်ဆယ်ရေးသမားတွေ ဘယ်လောက်ရှိနေလဲ၊ ခင်ဗျား မြင်နေရတဲ့ ပတ်ဝန်းကျင်အခြေအနေ ကျနော့်ကို ရှင်းပြပါလား။

ြေုဖ။ ။ ဟုတ်ကဲ့။ ဒီနေ့မှာတော့ နိုင်ငံခြားသတင်းထောက်တွေ အများကြီးရောက်လာတယ် ဗျ။ ပုံမှန်တိုင်း ရောက်တာထက် များနေတဲ့အတွက် ခရိုင်မှူးကတောင် ပြောတယ်။ သတင်း ထောက်တွေကိုတော့ ဒီကလေးတွေကို ခေါ်ထုတ်လာလို့ ရှိရင် အနှောင့်အယှက် ဖြစ်မှာ စိုးလို့ အကန့်အသတ်တွေထားမယ်၊ ပူးပေါင်းပါဝင်ပေးကြပါလို့ တောင်းပန်တယ်။ ပြီးတော့ အခုညမှာတော့ ဒီမှာ တချို့ သတင်းဌာနကြီးတွေက အလှည့်နဲ့ပေါလေ- နေ့ဆိုင်း၊ ညဆိုင်း ခွဲပြီး လာစောင့်နေကြတဲ့ သတင်းထောက်တွေလည်း အများကြီးရှိပါတယ်။ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေက အင်အား ၁,၀၀၀ ကျော်ရှိတယ်ခင်ဗျ။ ဂူထဲမှာလည်း အဖွဲ့လိုက်ခွဲပြီး ပိုက်ဆက်တာဆက်၊ အောက်စီဂျင် ပေးတဲ့ဟာ လုပ်တာလုပ်၊ အဲလိုမျိုး သူ့အလုပ်နဲ့သူတော့ ခွဲပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲလုပ်နေတာတွေတော့ တွေ့ရတယ်ခင်ဗျ။

မေး။ ။ ၂၄ နာရီပတ်လုံး တောက်လျှောက် ကူညီနေကြတာပေါ့။

ဖြေ။ ။ ဟုတ်ကဲ့၊ နေ့ဆိုင်း၊ ညဆိုင်းခွဲပြီးတော့ နေ့လုပ်တဲ့သူ ညနား၊ ညလုပ်တဲ့သူ နေ့နားနဲ့ သူ့အလှည့်နဲ့သူလုပ်သလို နေ့ဆိုင်းမှာဆို ပိုများတာက ဒေသခံတွေ၊ ဗော်လံတီယာတွေက ပစ္စည်းသယ်ပေးတာတို့၊ ပိုက်သယ်တာတို့၊ မီးကြိုးသယ်တာတို့တွေမှာ ဝိုင်းကူတာတွေ လည်း အများကြီးပဲ တွေ့ရတယ်ခင်ဗျ။

မေး။ ။ ကိုအောင်မိုးမြင့်ရေ၊ ပြည့်တော့ပြည့်စုံပါပြီ။ ခင်ဗျားအမြင်မှာပေါ့လေ- ဒီလိုရာသီ ဥတု အခြေအနေမှာ မြန်မြန်ဆန်ဆန် ကယ်ထုတ်နိုင်မယ့်အရိပ်အယောင်တွေ တွေ့နေရ လား၊ ဘယ်လိုထင်လဲ။ အချိန်စောင့်မယ့်သဘောရှိလား။

ဖြေ။ ။ ကျနော်ထင်တယ်၊ မိုးများများရွာလို့ ဂူထဲကို ရေနည်းနည်းတက်လာပြီဆိုရင်တော့ သူတို့ ရတဲ့နည်းနဲ့ အမြန်ခေါ်ထုတ်မယ်ထင်တယ်။ ဒါမှမဟုတ် မိုးရွာတာနည်းမယ်၊ ရေစုတ်နေတာကလည်းကျသွားမယ်ဆိုရင် နည်းနည်းစောင့်မယ့် အခြေအနေ ရှိပါတယ် ခင်ဗျ။

ဒါကတော့ လှိုဏ်ဂူရှေ့ကို ရောက်ရှိနေပြီး အခြေအနေတွေကို မပြတ်စောင့်ကြည့်နေတဲ့ NMG သတင်းနဲ့မီဒီယာကွန်ယက်က ကိုအောင်မိုးမြင့်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG