သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါ ဆိပ်ကမ်းရှိ သစ်ပုံ မီးလောင်


ရန်ကုန် နိုင်ငံတကာ ဆိပ်ကမ်းဖြစ်တဲ့ သီလဝါမှာ ဒီနေ့ခင်း ပိုင်းကစလို့ လောင်ကျွမ်း နေတဲ့မီးဟာ ညပိုင်း ရောက်တဲ့ အထိ ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရမှု အခြေအနေနဲ့ ပျက်ဆီးဆုံးရှုံးမှု အနေအထား ကိုတော့ မသိရသေးပါဘူး။

ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်တွင်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းက သစ်လုံးတွေ စုထားတဲ့ ကွင်းပြင် တခုမှာ တနင်္လာနေ့ နေ့ခင်းပိုင်း ၂ ခွဲကျော်ကနေ စတင် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ဗွီအိုအေကနေ မြန်မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာနကို ဆက်သွယ် မေးမြန်းတဲ့အချိန်အထိ လောင်ကျွမ်း နေတာ ၆ နာရီကျော်ကြာနေပြီဖြစ်ပေမဲ့ မီးဟာ မငြိမ်းသေးဘဲ လောင်ကျွမ်း နေဆဲဖြစ်တယ်လို့ ဗဟိုမီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတဦးက အတည်ပြု ဖြေကြားခဲ့ပါတယ်။

မီးသတ်ဖြေ။ ။ “အခြေအနေက အခုအချိန်အထိ ငြှိမ်းသတ်နေတုန်းပါပဲ။”

မေး။ ။ ဘယ်အချိန်ကစလောင်ကျွမ်းတာပါလဲရှင်။

မီးသတ်ဖြေ။ ။ “ကျနော်တို့ သတင်းရတဲ့အချိန်က နေ့လည် ၂ နာရီ ၄၀ မှာ သတင်းရလို့ ကားတွေ လွှတ်ပြီး ငြှိမ်းသတ်နေတာပါခင်ဗျာ။”

မေး။ ။ ဒါဆို အခုထိ မငြှိမ်းသေးဘူးပေါ့နော်။

မီးသတ်ဖြေ။ ။ “ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ အခုအထိ ငြှိမ်းသတ်နေတုန်းပါပဲ။”

မေး။ ။ လောင်တာက ဘယ်လိုဟာမျိုးကို လောင်တာလဲရှင့်။ ဘာတွေ လောင်တာပါလဲ။

မီးသတ်ဖြေ။ ။ “ကွင်းပြင်ထဲက သစ်လုံးတွေလို့ ပြောပါတယ်။”

မေး။ ။ ဘယ်လိုဖြစ်ပြီးလောင်တယ်လို့ သိရပါသလဲရှင့်။

မီးသတ်ဖြေ။ ။ “အသေးစိတ်ကတော့ မသိရသေးဘူးခင်ဗျ။ အဓိကက မီးငြိမ်းဖို့ကို ဦးစားပေး အရင်လုပ်နေလို့ပါ။”

မေး။ ။ မီးသတ်ကားတွေ ဘယ်နှစ်စင်းလောက် သွားရလဲရှင့်။

မီးသတ်ဖြေ။ ။ “မီးသတ်ကားကတော့ အားလုံးပေါင်း (၃၂) စင်းလောက် ရှိပါတယ်။”

မေး။ ။ လူထိခိုက်ဒဏ်ရာရတာရှိလားရှင်။

မီးသတ်ဖြေ။ ။ “လူ ထိခိုက်ဒဏ်ရာရတာတော့ လောလောဆယ် ဘာမှ မကြားရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီအချိန်ထိဆိုရင်တော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ပဲ ယူဆပါမယ်။ ရှိရင်တော့ ရှေ့တန်းက လှမ်းပို့ပါမယ်။”

ရေနက် ဆိပ်ကမ်းရှိရာ သီလဝါဆိပ်ကမ်းမှာရှိတဲ့ ဒီသစ်လုံးပုံတွေဟာ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင်တဲ့ ထူးကုမ္ပဏီနဲ့ CIFG ကုမ္ပဏီ က ပိုင်ဆိုင် တာ ဖြစ်ပြီး ဘောလုံးကွင်း ၂ ကွင်း စာလောက် ကျယ်တယ် လို့လည်း သိရပါတယ်။ မီးအားပြင်း တဲ့ အတွက် မီးသတ် အပြင် ဆိပ်ကမ်း ဝန်ထမ်းတွေရော၊ အနီးနား ဝန်းကျင်မှာရှိတဲ့ ဒေသခံ အရပ်သား တွေကပါ ဝိုင်းဝန်း ငြိမ်းသတ်နေ ရတယ်လို့လည်း သိရပါတယ်။

လောလောဆယ် အခြေအနေထိတော့ မီးစတင် လောင်ကျွမ်းရတဲ့ အခြေအနေ၊ ထိခိုက် ဒဏ်ရာ ရရှိမှုနဲ့ အပျက် အဆီး ဆုံးရှုံးမှု အခြေအနေတွေ နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ကူးတို့ ဆိပ်ရပ်ကွက်တွင်း ဖြစ်ခဲ့တဲ့ ဓာတုဗေဒပစ္စည်း သိုလှောင်ရုံ မီးလောင်ကျွမ်းမှုတုန်းကလည်း မီးသတ်ဝန်ထမ်း လေးဦးအပါအဝင် လူ (၂၀) နီးပါး သေဆုံးခဲ့ရပြီး တော်တော် များများလည်း ဒဏ်ရာတွေရရှိခဲ့ကြသလို လူပေါင်း (၈၀၀) ကျော် မီးဘေး ဒုက္ခသည်ဖြစ်ခဲ့ရဖူးပါတယ်ရှင်။

XS
SM
MD
LG