သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ဗုံးခွဲမှု အဓမ္မ ဖြောင့်ချက်ယူ


ရန်ကုန် သင်္ကြန်ကာလအတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို ဒီနေ့မှာတော့ သူ့ရဲ့ ရှေ့နေဖြစ်သူက တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ကိုဖြိုးဝေအောင်ကို စစ်အစိုးရရဲ့ အောင်သပြေ စစ်ကြောရေးစခန်းမှာ ၉ ရက်ကြာ ညှဉ်းပန်းစစ်ဆေးပြီး မတရား ဖြောင့်ချက်ရယူခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

လူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၁၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ရန်ကုန်မြို့ မဟာသင်္ကြန်ကာလက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ၂ လကြာ ရမန်ယူပြီး တိုက်ပိတ် ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ အင်းစိန်ထောင်တွင်းမှာ သူ့ရှေ့နေဖြစ်သူနဲ့ ပေးတွေ့ခဲ့ပါတယ်။ ရှေ့နေနဲ့ တွေ့ချိန်မှာ သူဟာ ၉ ရက်ကြာ အောင်သပြေ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှဉ်းပန်း ခံရတဲ့အတွက် မမှန်ဘဲ ဖြောင့်ချက်ပေးခဲ့ရကြောင်း သူ့ရဲ့ရှေ့နေ ဦးကျော်ဟိုးက အခုလို ပြောပြပါတယ်။

“သူက တရားရုံးမှာ ဖြောင့်ချက် ပေးခဲ့ရတာကိုး။ သူ့ကို ၂၂ ရက်နေ့ည မိုးချုပ်က စဖမ်းပြီး အောင်သပြေစခန်းလည်း ရောက်ရော အဲဒီကတည်းက စပြီး စစ်ကြောတာ ၉ ရက်လုံးလုံး။ နှိပ်စက်ညှဉ်းပန်းတာတွေလည်း လုပ်ခဲ့တယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ဖြောင့်ချက်ကိုလည်း မဟုတ်မမှန်ဘဲ ပေးရတာပေါ့။ မပေးလို့ရှိရင် သူ့ကို နောက်ထပ် ညှဉ်းပန်းနှိပ်စက်မှာ၊ အဲဒီအတွက်ကြောင့် ပေးခဲ့ရတယ်လို့ ပြောပြတယ်။ စစ်ကြောတဲ့ ကိစ္စတွေလည်း သူ အသေးစိတ်တော့ ပြောပြပါတယ်။ ဘယ်လိုညှဉ်းပန်းတယ်၊ နှိပ်စက်တယ်၊ အကုန်လုံး ပြောပြတယ်။”

ခင်ပွန်းဖြစ်သူဟာ အတော်များများကို မမှတ်မိတော့တဲ့ အခြေအနေမှာရှိကြောင်း ဇနီးဖြစ်သူက ပြောပြခဲ့တာကြောင့် သူ့ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပျက်စီးမှု အခြေအနေ ဘယ်လိုရှိပါသလဲလို့ မေးကြည့်ခဲ့ပါတယ်။

“မှတ်ဉာဏ်ပိုင်းကတော့ ၉ ရက်လုံးလုံး ညမအိပ်ရဘူး၊ အဲဒါတွေကြောင့် သူက မမှတ်မိတာ များနေတယ်။ အသေးစိတ် မပြောနိုင်ဘူး။ သူပြောတဲ့သဘောက ပုံမှန်ပေါ့ ဒီရက်တွေမှာ သူ့လုပ်ငန်းကို ပုံမှန်ဝင်နေတဲ့ အခါကြတော့ ဒါ ပုံမှန်လုပ်ငန်းလောက်တော့ သူမှတ်မိတာပေါ့။”

ကိုဖြိုးဝေအောင် အနေနဲ့ ရန်ကင်းစင်တာက စီးတီးမတ်ဆိုင်ကို ကန်ထရိုက်ယူပြီး ဆောက်လုပ်နေတဲ့ အင်ဂျင်နီယာ ဖြစ်တဲ့အတွက် အချိန်ပြည့် လုပ်ငန်းခွင်မှာ ရှိတာကို သက်သေပြနိုင်ကြောင်း၊ ဗုံးပေါက်ကွဲမှုနဲ့ လုံး၀ ပတ်သက်ခြင်း မရှိတဲ့အကြောင်းကိုလည်း ပြောပြတယ်လို့ ဆိုပါတယ်။

“စီးတီးမတ်ဆိုင်ကို ၁၂ ရက်နေ့ ည ၉ နာရီမှာ ပိတ်ပြီးတာနဲ့ ၉ နာရီနောက်ပိုင်းမှာ သူ့လုပ်ငန်းကို နေ့ဆိုင်း ညဆိုင်းနဲ့ သူက ကြီးကြပ်ရတယ်လေ၊ ကံထရိုက်ယူထားတဲ့လူ ဆိုတော့။ အဲဒါ ၁၇ ရက်နေ့ သင်္ကြန်အပြီး တောက်လျှောက် လုပ်ငန်းခွင်မှာပဲရှိတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သူနဲ့ လုံး၀ မပတ်သက်ဘူးလို့ ပြောပြပါတယ်။”

သူ့အနေနဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှု မရှိဘူးဆိုရင် ရှေ့နေတွေအနေနဲ့ ဘယ်လို အကျိုးဆောင်မှုတွေ ပေးနိုင်မလဲလို့ မေးတဲ့အခါမှာတော့…

“သူ မဟုတ်ဘူးဆိုရင် ဒီအမှုနဲ့ ပတ်သက်လို့ သူ့အတွက် အကျိုးရှိရာ ရှိကြောင်း၊ သူ့အတွက် အထောက်အပံ့ ပေးနိုင်မယ့် အကြောင်းအရာ အချက်အလက်တွေကို စပြီး လုပ်ရမယ့် အပိုင်းတော့ ရှိတာပေါ့။ ပြောတာတော့ သူ့ကို ရမန်ယူတာပေ့ါ။ တရားစွဲမတင်သေးဘူး။ သူ့ကို ရမန်ယူတာ ၂၈ ရက်နေ့အထိ ယူထားတယ်။ ယူထားတဲ့ ပုဒ်မကလည်း ဖောက်ခွဲတဲ့ပုဒ်မပေါ့။ အတိအကျတော့ သူ မပြောနိုင်ဘူး၊ ၃ လား၊ ၄ လား မသိဘူး၊ အဲဒီလိုတော့ ပြောတယ်။” လို့ ပြောသွားပါတယ်။

ကိုဖြိုးဝေအောင်ကို လာမယ့် ၂၈ ရက်အထိ ရမန်ယူထားပြီး ဖြစ်တာကြောင့် ဘယ်လိုအမှုနဲ့ ရုံးတင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း၊ လက်ရှိ ဖောက်ခွဲပုဒ်မ အရတော့ သူဟာ ဖောက်ခွဲမှုနဲ့ လုံး၀ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားတယ်လို့ ပြောပြသွားပါတယ်။

XS
SM
MD
LG