သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အကျနေ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပ


ရန်ကုန်မြို့ ရေကစားမဏ္ဍပ်တခုရှေ့မှာ ရေကစားနေကြသူများ။ (ဧပြီလ ၁၄ ရက်၊ ၂၀၁၃)။
ရန်ကုန်မြို့ ရေကစားမဏ္ဍပ်တခုရှေ့မှာ ရေကစားနေကြသူများ။ (ဧပြီလ ၁၄ ရက်၊ ၂၀၁၃)။
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ရေသဘင်ပွဲကို စည်စည်ကားကား ကျင်းပနေကြပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းကြား မကြာသေးခင်ကဖြစ်ပေါ်ထားတဲ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေကို အခြေခံတဲ့ ကောလာဟလတွေ အမျိုးမျိုးထွက်နေတဲ့အတွက် တချို့ဒေသတွေမှာတော့ စည်ကားသင့်သလောက် မစည်ကားဘူးလို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လူမျိုးရေး၊ ဘာသာရေးပုံဖော်လိုတဲ့ ပြည်တွင်းပြည်ပက အကြမ်းဖက်လုပ်ရပ်တွေကို သင်္ကြန်ကာလမှာ သတိထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို အခြေအနေတွေကို ဦးစံမိုးဝေက တင်ပြထားပါတယ်။

သမ္မတကြီးဦးသိန်းစိန်ဟာ သူ့ရဲ့ အတာသင်္ကြန်နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာမှာ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ ပဋိပက္ခတွေ၊ မတည်မငြိမ်ဖြစ်ရတဲ့ ဖြစ်ရပ်အမဲစက်တွေကို အတာရေနဲ့ဆေးကြောပြီး လာမယ့်နှစ်သစ်မှာ မင်္ဂလာရှိတဲ့ကိစ္စရပ်တွေ ပျော်ရွှင်ဖွယ် တည်ငြိမ်အေးချမ်းရေးကို ဦးတည်တဲ့ကိစ္စရပ်တွေ မြန်မာပြည်မှာ မြင်တွေ့ရဖို့ မျှော်လင့်တဲ့အကြောင်း ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့လအတွင်း လူတွေဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတွေဖြစ်ရတဲ့ မိတ္ထီလာမြို့မှာတော့ ကလေးတွေလောက်သာ ရေဆော့ကစားတာရှိပြီး အများစုကတော့ မပျော်နိုင်ကြသေးဘူးလို့ မြို့ခံ ဒေါ်မြင့်မြင့်အေးက ဗွီအိုအေကိုပြောပါတယ်။
၈ နာရီနောက်ပိုင်း ညမထွက်ရ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားဆဲဖြစ်သလို ကောလာဟလတွေကလည်း အမျိုးမျိုး ပြောဆိုနေကြတယ်လို့ ပြောပါတယ်။

“ကောလာဟလတွေကလည်း တောက်လျှောက်ပျံ့တယ်။ အစာထဲမှာအဆိပ်ပါတယ်တို့ ဘာတို့ပေါ့နော် အဲဒီလိုတွေလည်း ဖြစ်နေတယ်။ ဖြစ်တော့ နည်းနည်း ကျီးလန့်စာ စားတော့ ဖြစ်နေသေးတယ်။ ဒီနှစ်ကတော့ ဒီလိုကြီးဖြစ်ထားတာဆိုတော့လေ ဒါ သင်္ကြန်ရောက်လာလို့သာပေါ့လေ။ ကလေးတွေက ရေပက်ရမယ့်အချိန်မို့ပက်တာ။ ကလေးတွေဆိုတော့ အပူအပင်ကင်းလို့။ လူကြီးတွေကတော့ ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ ဘယ်သူမှ ဝေးလားဝါးလား သွားတဲ့ကားတွေ မရှိဘူး။ အရင်နှစ်တွေကဆိုရင် ဆိုင်ကယ်တွေနဲ့ ဝုန်းဒိုင်းကျဲပြီးသွားနေတာ။ အခုတော့ အဲဒါတွေ ဘာမှမရှိဘူး။”

ရန်ကုန်မြို့မှာတော့ မနေ့က အကြိုနေ့ကထက်စာရင် လည်ကြပတ်ကြတဲ့သူတွေ ပိုများလာတာတွေ့ရပေမဲ့ အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်လိုက်ရင် ရေကစားကြသူတွေ သိသိသာသာ နည်းပါးသွားတယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ် အင်တာနက် လူမှုကွန်ယက်တွေမှာ ကောလာဟလသတင်းတွေ ရေးသားနေကြတာကြောင့်လည်း အခုလို ဖြစ်ရတာလို့ ပြောကြပါတယ်။ ကန်တော်ကြီးပတ်လမ်း ရေကစားမဏ္ဍပ်တွေကို လိုက်လံကြည့်ရှုနေတဲ့ ရန်ကုန်အခြေစိုက်သတင်းထောက် ကိုသူရစိုးက အခုလို ပြောပါတယ်။

“သင်္ကြန်ရဲ့ အစည်ဆုံးဒေသတွေဖြစ်တဲ့ ကန်တော်ကြီးပတ်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်းတို့၊ ပြည်လမ်းတို့မှာ တော်တော်လေးနည်းတယ်။ သွားသွားလာလာတော့ ရှိကြတယ်။ မဏ္ဍပ်တွေကတော့ သူ့ဟာနဲ့သူ ရှိပါတယ်ခင်ဗျ။ ဒီနေ့ထူးခြားတာကတော့ အဲဒီ ရေကစားထွက်တဲ့သူတွေရော၊ မဏ္ဍပ်မှာပျော်တဲ့သူတွေရော တော်တော်လေးနည်းတာ တွေ့ရတယ်။ ကန်တော်ကြီးပတ်လမ်းဆိုရင် တိုးမပေါက်အောင်စည်တဲ့နေရာတွေပေါ့။ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့မှာ ခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာပေါ့နော်။”

သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်ကစားသူတွေ၊ ရေပက်ခံလည်ကြပက်ကြသူတွေကို အားကိုးပြီးတော့ ဈေးရောင်းချသူတွေကလည်း အရင်နှစ်တွေကထက်စာရင် ဒီနှစ် အရောင်းအဝယ် ပါးတဲ့အကြောင်း အခုလို ပြောပြကြပါတယ်။

“ဆိုင်တွေကမနှစ်ကနဲ့စာရင် ၁၅ ဆိုင်၊ ဆိုင် ၂၀ လောက် ပျောက်သွားတယ်။ ဘာလို့လဲဆိုတော့ လူတွေက သိပ်မလာကြဘူး။ ဒီပြသနာတက်ထားတဲ့အပေါ်မှာ ကြောက်ကြက်ပြီးေတာ့ မလာတဲ့ ဆိုင်တွေလည်းရှိတယ်။”

“နောက်နေ့တွေတော့ မပြာတတ်ဘူးလေ။ ဒီနေ့ကတော့ လာတာနည်းတယ်။ ကားတွေလည်းနည်းတယ်၊ ရေပက်ခံကာတွေ။ မနှစ်ကတုန်းကတော့များတယ်။ ရေပက်ခံကားတွေက၊ ဒီနှစ်ကျတော့ သိပ်မရှိဘူး။ ခါတိုင်းဆိုရင် တန်းစီနေတာ တိုးတောင်မရဘူး။ ဒီနေ့ဆိုရင် လေး ငါးသောင်းပဲရောင်းရတာပေါ့။ ခါတိုင်းဆို သိန်းကျော်လောက်တော့ရတာပေါ့။”

မန္တလေးမြို့မှာတော့ မကြာခင်က မီးကြီးလောင်ထားတယ်ဆိုပေမဲ့ ဒီကနေ့ စည်စည်ကားကားနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတာ တွေ့ရကြောင်း မန္တလေးမြို့ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ရေကစားပါလို့ တိုက်တွန်းနှိုးဆော်တဲ့ တီရှပ်တွေ လိုက်လံဝေနေတာလည်း တွေ့ရကြောင်း ပြောပါတယ်။

“အေးအေးဆေးဆေးပါဗျ။ မီးလောင်ထားတာက မြို့တောင်ပိုင်းပေါ့လေ။ မြို့လယ်နဲ့လည်း နည်းနည်းလေးဝေးတယ်။ သင်္ကြန်ရေကစားတဲ့လူကတော့ မန္တလေးမှာ ဒီနေ့ စည်စည်ကားကားနဲ့ ဒီလိုပါပဲ ကစားနေကြတာတွေ့ပါတယ်။ တနေကုန်ပဲ နေ့လည်ခင်းတောင်မနားကြဘဲ ကစားနေကြတာတွေ့ပါတယ်။ တချို့ဆို ငြိမ်ငြိမ်းချမ်းချမ်း ရေကစားပါဆိုတဲ့ တီရှပ်တွေ လိုက်ဝေတာတို့ ဘာတို့။ ဒါမျိုးလေးတွေလည်း ရှိပါတယ်ခင်ဗျ။”

နေရာတိုင်းမှာ ရဲနဲ့စည်ပင်သာယာ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေက လိုက်လံကြပ်မက်နေရတာကို တွေ့ရပြီး အရက်သေစာ ရောင်းချတာမျိုးကို လုံးဝခွင့်မပြုဘူးလို့ ဆရာကျော်ရင်မြင့်က ပြောပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းနိဂုံးမှာတော့ ပြီးခဲ့တဲ့နှစ်ဟောင်းတုန်းက လူမျိုးရေး၊ ဘာသာရေး ပုံဖော်နေကြတဲ့ ပြည်တွင်းနဲ့ပြည်ပက အကြမ်းဖက် အဖျက်လုပ်ရပ်တွေကို ဒီသင်္ကြန်ကာလမှာ သတိထားကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်သွားပါတယ်။
XS
SM
MD
LG