သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၃၂ ဦး မြန်မာစစ်တပ်နုတ်ထွက်ခွင့်ပြုမှု ကုလကြိုဆို


မြန်မာနိုင်ငံအစိုးရမှ တပ်မတော်တွင်အရွယ်မတိုင်မီစစ်မှု ထမ်းဆောင်နေသည့် ကလေးသူငယ် (၇)ဦး နှင့် လူငယ်(၂၅)ဦးအား ယနေ့ နှုတ်ထွက်ခွင့်ပြု
မြန်မာနိုင်ငံအစိုးရမှ တပ်မတော်တွင်အရွယ်မတိုင်မီစစ်မှု ထမ်းဆောင်နေသည့် ကလေးသူငယ် (၇)ဦး နှင့် လူငယ်(၂၅)ဦးအား ယနေ့ နှုတ်ထွက်ခွင့်ပြု

အသက် (၁၈)နှစ်အောက် ကလေးစစ်သားတွေအဖြစ် စုဆောင်းခံထားရသူ လူငယ်(၃၂)ဦးကို မြန်မာတပ်မတော်ကနေ မတ်လ (၃၁)ရက်နေ့က နှုတ်ထွက်ခွင့်ပြုလိုက်တဲ့အတွက် ကုလသမဂ္ဂအေဂျင်စီတွေဘက်က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားကြောင့် မြန်မာစစ်တပ်အနေနဲ့ ၂၀၁၂ခုနှစ်ကစပြီး အခုချိန်ထိ ပြန်လွှတ်ပေးခဲ့ရတဲ့ ကလေးစစ်သားပေါင်း ၉၀၀ ကျော် ရှိနေပြီး သူတို့ဘဝတွေ ပြန်လည်တည်ဆောက်ရေး နိုင်ငံတော်ဘက်က ဘယ်လောက်အထိ တာဝန်ယူဆောင်ရွက်နေသလဲဆိုတာကို လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းထုတ်နေကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ဆက်မှာပါ။

တနင်္ဂနွေနေ့က ကလေးစစ်သားအဖြစ်ကနေ လွတ်မြောက်လာသူတွေထဲမှာ ကလေးသူငယ် (၇)ဦးနဲ့ လူငယ် (၂၅)ဦးပါဝင်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးတွဲလုပ်ငန်းစဉ် (Joint Action Plan) သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြန်လွှတ်ပေးခဲ့တဲ့ ကလေးစစ်သားပေါင်း (၉၅၆) ဦးရှိသွားပြီဖြစ်ကြောင်း မတ်လ (၃၁)ရက်နေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို တပ်မတော်ထဲမှာ စစ်မှုထမ်းစေတာကနေ တားဆီးရပ်တန့်စေရေး အစိုးရရဲ့ ကြိုးပမ်းလုပ်ဆောင်မှု အားရဖွယ်နောက်ထပ် ခြေလှမ်းတခုအဖြစ် ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိုနှိုင်းရေးမှူး (ယာယီ) Knut Ostby ကလည်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား ၂၀၁၂ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်မှုမတိုင်ခင်ကတည်းက ILO နိုင်ငံတကာအလုပ်သမားများအဖွဲ့ချုပ်နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာစစ်တပ်အတွင်း ကလေးစစ်သားစုဆောင်းမှု ဆိုးရွားနေတဲ့အခြေအနေကို နိုင်ငံတကာသိအောင် အစီရင်တင်ပြနိုင်ခဲ့တဲ့အတွက် မြန်မာစစ်တပ်အနေနဲ့ ကလေးစစ်သားစုဆောင်းမှုကို ဖုံးမထားနိုင်တော့ပဲ ကိုင်တွယ်ဖြေရှင်းလာရတဲ့ အဆင့်ရောက်လာခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။ ကလေးစစ်သားစုဆောင်းတာနဲ့ ပတ်သက်လို့ မြန်မာတပ်မတော်အတွင်းမှာလည်း တာဝန်ရှိသူတချို့ကို အရေးယူအပြစ်ပေးတာတွေ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာလည်း ကလေးစစ်သားအရေအတွက် သိသိသာသာကျဆင်းမှုတွေရှိခဲ့ကြောင်း ဦးမင်းလွင်ဦးက ဆိုပါတယ်။

ကလေးစစ်သားစုဆောင်းရတဲ့ အဓိကအကြောင်းအရင်းကလည်း အရင်က စစ်တပ်အတွင်းကျင့်သုံးခဲ့တဲ့ တယောက်ထွက်ချင်ရင် တယောက်အစားရှာဆိုတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

“ပထမတုန်းက တပ်မတော်မှာ ကလေးစစ်သားမရှိပါဘူးလို့ ငြင်းတယ်။ နောက်ပိုင်းကျတော့ ၁၀၀ လွှတ်တယ်၊ ၂၀၀ လွှတ်တယ်၊ ၃၀၀ လွှတ်တယ် အကြိမ်ကြိမ်ခွဲပြီးတော့ လွှတ်ရတာပေါ့။ အခုဆိုရင် ၁၀၀၀ နီးပါးတောင်ရှိလာပြီဖြစ်တယ်။ အဲဒီတော့ ဒီကလေးတွေက ဘယ်ကရောက်လာသလဲဆိုတော့ တချို့တွေကျတော့လည်း တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တဲ့အခါမှာ မိဘနှစ်ပါးက တိုက်ပွဲတွေမှာကျသွားတယ် အဲဒီကလေးတွေ ကျန်နေတယ်။ အဲဒီကလေးတွေကို တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ အဲဒီကနေပြီးတော့ ကလေးတွေ အသက်ကြီးလာတော့ ကလေးတွေ ကိုယ်တိုင်က စစ်ထဲမှာ မနေနိုင်ဘူး၊ စစ်ထဲမဝင်ချင်ဘူးလို့ဆိုတဲ့အခါမှာ အခုလို ထွက်ခွင့်ပေးရတဲ့ အခြေအနေမျိုးဖြစ်လာတာရှိတယ်။”

ကလေးစစ်သားတွေအတွက် သူတို့ရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် သူမရှိတဲ့အပြင် စစ်တပ်က ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့ကြောင်းလည်း ဦးမင်းလွင်ဦးက အခုလိုထောက်ပြပါတယ်။

“ဘယ်လောက်ခံခဲ့ရသလဲဆိုရင် ကလေးတွေကို စစ်သင်တန်း တက်ခိုင်းမယ်။ တက်ခိုင်းတဲ့အခါမှာ ရိုက်နက်ညှဉ်းပမ်းမှုတွေရှိမယ်။ နောက်ပြီးတော့ အရွယ်နဲ့ မမျှတဲ့အလုပ်တွေကို ခိုင်းစေခြင်းခံရမယ်။ နောက်ပြီးတော့ အတန်ပညာသင်ကြားခွင့် အထိုက်အလျောက် ပြည့်ပြည့်စုံစုံ မရဘူးလို့ ကျနော်တို့ သိရတယ်။ ရှင်းရှင်းပြောရရင် အရာရှိတွေအိမ်မှာ လက်တိုလက်တောင်း မီးဖိုချောင် ဝင်ပြီး ထမင်းချက် ၊ နောက်ပြီးတော့ ပန်းပင်ရေလောင်း စတာတွေ လုပ်ရတဲ့ ကိစ္စရပ်တွေတော်တော်များများမှာ ထည့်သွင်းအသုံးချတယ်ဆိုတာကို ကျနော်တို့ သိရတယ်။”

အခုလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ကြတဲ့ ကလေးစစ်သားတွေ လွတ်မြောက်လာတဲ့အခါ သူတို့ဘဝပြန်လည် ထူထောင်ရေးအတွက် အစိုးရဘက်က စေတနာမှန်မှန်နဲ့ ဘယ်လောက်အထိ တာဝန်ယူဆောင်ရွက်ပေးမှာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေကြောင်း ဦးမင်းလွင်ဦးကပြောပါတယ်။

“ သူတို့က တပ်မတော်အတွင်းမှာ တသွေး၊တသံ၊ တမိန့် နဲ့ နေလာရတယ် နောက်ပြီးတော့ စိတ်မထင်ရင် မထင်သလို ရိုက်နက်ခံရတယ်။ နောက်ပြီးတော့ ကလေးတွေ စိတ်မှာ အနာတရဖြစ်လာတာတွေကို ကုစားပေးနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေလိုတယ်။ လူမှုဝန်ထမ်းကတော့ ဒီကိစ္စတွေကို စီမံဆောင်ရွက်တယ်ဆိုပေမယ့် ကျွမ်းကျင်ပညာရှင်တွေလား ဒါမှမဟုတ် ထိရောက်တဲ့ ကုသမှုတွေကို ဘယ်လောက်အထိပေးမှာလဲ၊ နောက်ပြီး အဲလိုကုသနေတဲ့အချိန်မှာ ကလေးတွေစားဝတ်နေရေးနဲ့ နေရေးထိုင်ရေးတွေကို ဘယ်လိုစီစဉ်ပေးမှာလဲ ဆိုတာတွေက အများကြီး စဉ်းစားစရာဖြစ်တာပေါ့နော်။”

ကလေးစစ်သားတွေရဲ့ ဘဝတွေ ပြန်လည်ပြုစုပျိုးထောင်ဖို့ NLD အစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဝန်ကြီးဌာနဘက်က တာဝန်ယူဆောင်ရွက်နေတယ်လို့ ပြောပေမယ့် စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

မတ်လ (၃၁)ရက်နေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနဲ့ အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့ (CTFMR) ကြေညာချက်မှာတော့- အခုလို မြန်မာတပ်မတော်ဘက်က ကလေးစစ်သားတွေကို စိစစ်ပြန်လွှတ်ပေးတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရေးမှာ အရေးပါကြောင်း ဖေါ်ပြထားပါတယ်။

CTFMR ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းစဉ်ကတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအနေနဲ့ ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးမားတဲ့ ပြစ်မှုချိုးဖောက်မှုတွေအတွက် သက်သေအထောက်အထားတွေကို မှတ်တမ်းတင်ပြုစု၊ စစ်ဆေးအတည်ပြုပြီး လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြရတာဖြစ်ပါတယ်။ CTFMR အနေနဲ့ လုံခြုံရေးကောင်စီကို တင်ပြတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဓိကချိုးဖောက်မှု ၆ ခုကတော့ - ကလေးတွေကို ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်တာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကလေးသူငယ်တွေကို တပ်သားအဖြစ် ခေါ်ယူစုဆောင်တာ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာ၊ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြန်ပေးစွဲတာနဲ့ ကလေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေမရောက်ရှိအောင် တားဆီးတာ တို့ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အစီရင်ခံစာမှာဖေါ်ပြထားတဲ့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကလေးစစ်သားအဖြစ်အသုံးပြုနေတယ်ဆိုတဲ့ အဖွဲ့တွေကတော့- ကချင် KIA၊ ကရင် DKBA ၊ KNLA၊ KNLA-PC၊ ကရင်နီတပ်ဖွဲ့၊ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၊ ၀ UWSA တို့ဖြစ်ပါတယ်။

XS
SM
MD
LG