သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဆူပူမှု နောက်ကွယ်ကကြိုးကိုင်သူတွေကို အရေးယူမည်


ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရဲ့ အထောက်အထားတွေ ရထားပြီးတော့ ဒါကို စတင်အရေးယူတော့မယ်လို့ မြန်မာသမ္မတရုံးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ၂/၂၀၁၂ ကပဲ ဒီတခေါက်ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထဲမှာ ဒေသန္တရလက်နက်တွေနဲ့အတူ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်ထဲက အဓိက အရေးအကြီးဆုံးကြေညာချက်ကို မေးရာမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အရင်ကြေညာချက်နဲ့ကွာပုံကို အခုလို ရှင်းပြပါတယ်။

“အခု နောက်ဆုံးအပိုဒ်မှာတော့ ကျနော်တို့က အရေးယူမယ်လို့တောင် ပြောထားတာ၊….”

ဒါ့အပြင် ဒီကြေညာချက်ထဲမှာ နောက်ထပ် အရေးကြီးတဲ့အချက်ကို မေးရာမှာလည်း ဦးဇော်ဌေး က နောက်ကွယ်ကနေ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တဲ့ အထောက်အထားတွေ တွေ့ထားရတာ ကို ပြောထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အပိုဒ်လေးမှာ ကျနော်တို့ ဖော်ပြထားတယ်၊ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတဲ့ကိစ္စတွေမှာ ကြိုတင်ပြင်ဆင်တာတွေ၊ အသေးစိတ် စီစဉ် တာတွေ၊ ဒေသန္တရလုပ် လက်နက်တွေနဲ့ ခြိမ်းခြောက်တာ၊ ဆူပူအောင်လှုပ်ရှားတာတွေ- အဲဒါတွေ တွေ့ရတဲ့အပြင် နောက်ထပ် တခြားသောအဖွဲ့အစည်းတွေကလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့တယ်ဆိုတာ ဖော်ပြထားပါတယ်။”

ဒါ့အပြင် လက်နက်တွေ ပါလာတဲ့ အထောက်အထား အသေးစိတ်ကိုလည်း ဦးဇော်ဌေးကပဲ အခုလို ဆက်ပြောပြီး ဒီအကြမ်းဖက်သူတွေကို စပြီး အရေးယူနေပြီလို့ ဆိုပါတယ်။

“အပိုဒ် (၃) မှာ လက်နက် အားလုံးပေါင်း ၁၈၀ သိမ်းမိတဲ့အခါမှာ သက်သေခံ ပစ္စည်း အထောက်အထားတွေလည်း ဖမ်းဆီးရမိထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ ဆောင်ရွက်နေတယ်။”

အဲဒီတော့ လက်ရှိ အရေးယူထားတဲ့သူတွေ ရှိနေပြီလားဆိုတာ မေးရာမှာ ဦးဇော်ဌေးက -

“အခုလက်ရှိ အရေးယူ၊ ဖမ်းဆီးထားတာတွေ ရှိတယ်။ အထောက်အထားတွေအရ ထိန်းသိမ်းထား တာတွေ ရှိတယ်။ အတိအကျတော့ မမှတ်မိဘူးဗျ။ ပြီးခဲ့တဲ့ တခုမှာကောဆိုရင် ဖမ်းထားတဲ့လူတွေ၊ အခု ဖြစ်စဉ်အရဆိုရင် ဆက်ပြီးတော့ သက်သေခိုင်လုံတယ်ဆိုရင် ဖမ်းတာဆီးတာတွေ ရှိလာမယ် ဆိုတာ ဒီကြေညာချက်အရ သိနိုင်ပါတယ်။”

တချိန်တည်းမှာ မကြာခင်ရက်ပိုင်းအတွင်းက မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာလည်း အခုလို သံသယရှိလို့ ဖမ်းဆီးထားတဲ့သူ ၁,၀၀၀ ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီတခေါက် အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာရတဲ့အကြောင်းရင်းကို မေးရာမှာ ဦးဇော်ဌေးက-

“မီးခဲပြာဖုံးဖြစ်နေတဲ့ အနေအထားမှာ နောက်ကွယ်က အစတစဖြစ်လိုက်တာနဲ့ စလောင်သွားတဲ့ သဘောပါ။”

အဲဒီတော့ အခုလို အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာပြီး တစုံတရာ စထိန်းလာနိုင်ချိန်မှာ နောက်တခေါက် ထပ်မဖြစ်ရအောင် ဘာတွေလုပ်ဖို့ လိုပါလဲလို့ မေးရာမှာတော့ ဘက်ပေါင်းစုံကနေ ဝိုင်းလုပ်ဖို့ လိုတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ဒါကတော့ ကျနော်တို့အမြင်မှာတော့ ၂ လမ်းရှိတယ်။ သီးခြား လွတ်လပ်တဲ့ကော်မရှင်ကနေ သမ္မတကြီးဆီ တင်ပြထားတဲ့ အစီရင်ခံစာရှိတယ်။ အဲဒီအစီရင်ခံစာမှာ အကြံပြုတင်ပြချက်၊ အရေးကြီးတဲ့ အချက်ကတော့ ရှိပါတယ်။ အဲဒီတော့ လောလောဆယ် ရခိုင်ပြည်နယ်တခုလုံးကို တည်ငြိမ်သွားတဲ့အခြေအနေကိုရအောင်လုပ်ဖို့ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးမြှင့်တာ ရယ်၊ လုံခြုံရေးအဆင့်အတန်းတိုးမြှင့်တာရယ်က ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားရမယ် လို့ မှန်းပါတယ်။ နောက်တခုက ခုနကလို သွေးထိုး လှုံ့ဆော်တဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်တာလည်း တချိန်တည်းလုပ်ရပါလိမ့်မယ်။ တချိန်တည်းမှာပဲ ဘေးသင့် တဲ့ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တာတွေ၊ အမိုးအကာတွေနဲ့ ပုံမှန်အနေအထား ကို ပြန်ရောက်ဖို့ ကြိုးပမ်းတာကလည်း တချိန်တည်းလုပ်သွားရမှာပါ။ အဲဒီတော့ ဒီ Process ကြီးကတော့ အကြီးကြီးပါ။”

ပြီးခဲ့တဲ့ ဂျွန်လမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မူဆလင်သုံးဦးက အဓမ္မကျင့်ခဲ့ပြီးတဲ့နောက် စဖြစ် လာခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး ပြီးခဲ့တဲ့နှစ်ပတ်မှာ တကျော့ပြန်ဖြစ်လာခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် လူပေါင်တရာနီးပါး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရကာ အိမ်ပေါင်း ၅ ထောင်ကျော် မီးလောင်ပျက်စီးခဲ့သလို လူဦးရေစုစုပေါင်း ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ကြေညာခဲ့ပါတယ်ခင်ဗျာ။
XS
SM
MD
LG