သုံးရလွယ်ကူစေသည့် Link များ

Selma မြို့၊ အရပ်သား အခွင့်အရေးတောင်းဆိုမှု နှစ် ၅၀ ပြည့် နိုင်ငံတဝှမ်း ပြည်သူတွေ ပါဝင်ဆင်နွှဲ

  • ဗွီအိုအေ (မြန်မာဌာန)

ထောင်ချီတဲ့ပြည်သူတွေနဲ့အတူ အရပ်သားအခွင့်အရေးလှုပ်ရှုားမှု နှစ် (၅၀) ပြည့်အထိမ်းအမှတ် ချီတက်လမ်းလျှောက်နေတဲ့ သမ္မတအိုးဘားမားက ချီတက်ပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရသူ Amelia Boynton Robinson ရဲ့လက်ကို ဆုပ်ကိုင်ထားစဉ်။

အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ်မှာ ၁၉၆၅ ခုနှစ်တုန်းက အရပ်သားအခွင့်အရေး တောင်းဆိုချီတက်ဖို့ ကြိုးစားခဲ့သူတွေ ရိုက်နှက် ဖြိုခွဲခံခဲ့ရတဲ့ တံတားပေါ်ကို တနင်္ဂနွေနေ့က ထောင်နဲ့ချီတဲ့လူတွေ ချီတက်ဖြတ်လျှောက်ခဲ့ကြပါတယ်။

Bloody Sunday လို့သိကြတဲ့ သွေးစွန်းသောတနင်္ဂနွေ အနှစ် ၅၀ ပြည့် နှစ်ပတ်လည် အခမ်းအနားတွေမှာပါဝင်ဖို့ နိုင်ငံအနှံ့ ပြည်သူတွေ Selma မြို့ဆီကို
လာရောက်ခဲ့ကြပါတယ်။ ၁၉၆၅ ခုနှစ် မတ်လ (၇) ရက်နေ့တုန်းက နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်တန်းတူရရှိကြဖို့တောင်းဆိုပြီး Selma မြို့ကနေ
Montgomery မြို့ဆီ ချီတက်ဖို့ ကြိုးစားသူတွေကို Edmund Pettus တံတားခြေရင်းမှာ ရဲတွေက ရိုက်နှက်၊ မျက်ရည်ယိုဗုံးတွေ ပစ်ဖေါက် လူစုခွဲခဲ့ကြ တာပါ။ အဲဒီဖြိုခွဲမှုဖြစ်ပြီး သီတင်းနှစ်ပတ်အကြာမှာ အရပ်သားအခွင့်အရေး တောင်းဆိုသူခေါင်းဆောင် Martin Luther King, Jr. ဦးဆောင်ပြီး Selma မြို့ကနေ Montgomery မြို့ကို အောင်အောင်မြင်မြင် ချီတက်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြမှုတွေကြောင့် လူမျိုး အသားအရောင်ပေါ်မူတည်ပြီး
မဲပေးပိုင်ခွင့် ခွဲခြားမှုတားမြစ်တဲ့ ၁၉၆၅ ခုနှစ် မဲပေးပိုင်ခွင့်ဥပဒေကို ပြဌာန်းဖို့ ဖြစ်လာခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေအတွက် နှစ်ပတ်လည်ပွဲတွေ တနင်္ဂနွေနေ့မှာ ဆက်လက်ကျင်းပခဲ့တာနဲ့အတူ ရှေ့နေချုပ် Eric Holder က ၁၉၆၅ ခုနှစ်တုန်းက မဲပေးပိုင်ခွင့်ရရှိဖို့ သတ္တိရှိရှိ ကြိုးပမ်းခဲ့ကြတဲ့ အရပ်သားအခွင့်အရေးလှုပ်ရှားသူတွေကို ချီးကျူးပြောကြားခဲ့ပါတယ်။ မဆုတ်မနစ်လှမ်းခဲ့ကြတဲ့ သူတို့ရဲ့ ခြေသံတွေက နိုင်ငံရဲ့ အသိတရားကို နှိုးဆွပေးခဲ့ပြီး ကျင့်ဝတ်နဲ့အညီ တရားမျှတရေးဘက်ကို ထပ်ပြီး တိမ်းညွတ်စေခဲ့တယ်လို့ ရှေ့နေချုပ် Holder
က ပြောကြားခဲ့ပါတယ်။

စနေနေ့တုန်းကလည်း အရပ်သားအခွင့်အရေးတောင်းဆို လှုပ်ရှားမှုနှစ်ပတ်လည်ပွဲမှာ သမ္မတ Barack Obama ဦးဆောင်ပါဝင်ခဲ့ပါတယ်။ နိုင်ငံ ပိုမို ကောင်းမွန်အောင် အားလုံးလက်တွဲဆောင်ရွက်ကြဖို့ သမ္မတ Obama က တိုက်တွန်းခဲ့သလို လူတိုင်း တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းမှုတွေ
အပြည့်အဝ အောင်မြင်မှုမရသေးတာကို သမ္မတက အသိအမှတ်ပြုပေမယ့် ဘာမှအပြောင်းအလဲတွေ ဖြစ်မလာဘူးဆိုတဲ့ အယူအဆကိုတော့ လက်မခံဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG