သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဒုက္ခသည်တွေကို ဂျာမနီနဲ့ သြစတြီးယား ဆက်လက် ကြိုဆို


ဂျာမနီနဲ့ သြစတြီးယားနိုင်ငံတွေဟာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဒီကနေ့မှာလည်း ကြိုဆိုလက်ခံကြပါတယ်။ ဒီဒုက္ခသည်တွေထဲက အများစုဟာ ဥရောပနိုင်ငံတွေထဲက ချမ်းသာကြွယ်ဝတဲ့ ဂျာမနီနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ရွေးချယ်ထားပါတယ်။

ဒီကနေ့နှောင်းပိုင်းမှာတော့ လူ ၈,၀၀၀ လောက် ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ အခုနှစ်အတွင်း ဒုက္ခသည် ၈ သိန်းလောက် လက်ခံ သွားမယ်လို့လည်း ဂျာမနီအာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒီဒုက္ခသည်တွေဟာ မနေ့တုန်းကတော့ ဟန်ဂေရီကနေ အနောက်ဥရောပ နိုင်ငံတွေကို ရထား၊ ကားနဲ့အပြင် ခြေလျင်ခရီးနှင်ခဲ့ကြတာပါ။ ဒီကနေ့မှာလည်း ဟန်ဂေရီကို နောက်ထပ် ဖြတ်ကျော်ဝင်ရောက်သူတွေ ရှိနေပါတယ်။ လူအလုံးအရင်းနဲ့ ရွှေ့ပြောင်းဝင်ရောက်မှုတွေကြောင့် ဥရောပနိုင်ငံတွေ ကြားမှာလည်း ကွဲပြားမှုတွေရှိနေပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini က ဒုက္ခသည်တွေဟာ ဥရောပမှာနေထိုင်ဖို့ အခုလို ဝင်ရောက်လာနေတာဖြစ်တယ်လို့ သတိပေးပြောဆိုပြီး ဥရောပအနေနဲ့ ဒီအခြေအနေကို ထိထိရောက်ရောက် ညီညီညွတ်ညွတ် တုံ့ပြန်ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ဒီဒုက္ခသည် မိသားစုတွေကို ဥရောပမှာရှိတဲ့ နားခိုစရာနေရာတိုင်း၊ ခရစ်ယန် အသင်းတော်ရဲ့နေရာတိုင်း၊ ဘုန်းကြီးကျောင်းတိုင်း၊ ဘာသာရေးအဖွဲ့စည်းတိုင်းကနေ ခိုလှုံခွင့်ပေးဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် ဗာတီကန်က ခရစ်ယန်အဖွဲ့ ၂ ခုကလည်း ဒုက္ခသည် မိသားစု ၂ စုကို လက်ခံသွားမှာဖြစ်ကြောင်း St. Peter ရင်ပြင်မှာ ဘုရားဖူးလာကြသူတွေနဲ့ အလည်အပတ် လာရောက်ကြသူတွေကို ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့ပါတယ်။ ဒီအတောအတွင်း နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်ကနေ ဘတ်စ်ကားတွေနဲ့ ဥရောပကို သွားနေကြတယ်လို့ ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG