သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ Eleven သတင်းထောက် ၃ ဦး အာမခံနဲ့ပြန်လွတ်


Eleven Media အယ်ဒီတာချုပ် ကျော်ဇောလင်းနဲ့ အခြား သတင်းထောက်နှစ်ဦးတို့ တာမွေတရားရုံးသို့ ရောက်လာစဉ်။ ( အောက်တိုဘာ ၂၆၊၂၀၁၈)
Eleven Media အယ်ဒီတာချုပ် ကျော်ဇောလင်းနဲ့ အခြား သတင်းထောက်နှစ်ဦးတို့ တာမွေတရားရုံးသို့ ရောက်လာစဉ်။ ( အောက်တိုဘာ ၂၆၊၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲု့ ဖမ်းဆီး အရေးယူခံထားရတဲ့ Eleven Media က သတင်းထောက်သုံးဦးကို ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမခံ ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီလို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာဟာ တိုးတက်မှုဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပေမယ့်လည်း သတင်းမီဒီယာဥပဒေနဲ့ မဟုတ်ပဲ ဆက်ပြီး တရားစွဲဆိုထားတဲ့ အပေါ်မှာတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မမေခက သတင်းပေးပို့ထား ပါတယ်။

သတင်းထောက် တယောက်ဆီကို မြန်မာကျပ်ငွေ သိန်း ၁၀၀ စီနဲ့ အာမခံပေးပြီး ပြန်လွှတ်ဖို့ တရား ရုံးက ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြည်ညို ပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အရ အမှုကို ဆက်ပြီး ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အာမခံနဲ့ ပြန်လွတ်မြောက်လာတဲ့ သတင်းထောက်တွေကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပေါ် ဝေဖန်ရေးသားချက်တွေဟာ သတင်းအချက်အလက်အမှန်ကို အခြေခံတာ ဆိုပြီး ပြောဆိုသွားသလို အမှုကို ဆက်လက်ရင်ဆိုင်မယ်လို့လည်း ဆိုပါတယ်။

ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းအယ်ဒီတာ ကိုကျော်ဇောလင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း ကအမှုနဲ့ပတ်သက်လို့ အခုလိုပြောဆိုသွားခဲ့တာပါ။

“ကျနော်တို့ကတော့ အမှုကိုဆက်လက်ရင်ဆိုင်သွားမှာပါ။ ရန်ကုန်တိုင်းအစိုးရလုပ်ဆောင်မှုကို ကြည့်ရမှာပါ။ အခုကတော့ အာမခံရတာပဲပေါ့။ ကျနော်တို့သတင်းအတွက်ဖြေရှင်းဖို့ပဲ ရှိပါတယ်။ မျှတဖို့က စောင့်ကြည့်ရမှာပါ။ရာနှုန်းပြည့် ယုံကြည်ထားပါတယ်။ ကျနော်အချက်အလက်အမှန် တွေကို အခြေခံရေးထားတာပါ။”

Eleven Media က သတင်းထောက်တွေ တရားစွဲဆိုတဲ့အမှုမှာ သတင်းမီဒီယာကောင်စီနဲ့ အရင်ဆုံး ညှိနှိုင်းဖို့ နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၁၇ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ သတင်းမီဒီယာ ကောင်စီဘက်က လက်ရှိစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းပြီးမှသာ ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ရန်ကုန်တိုင်း အစိုးရကို ပြောထားပြီး ရန်ကုန်တိုင်းအစိုးရဘက်ကလည်း Eleven Media ဘက်က တောင်းပန်ရမယ်ဆိုပြီး သတင်းမီဒီယာကောင်စီကို ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို သတင်းထောက်တွေကို အာမခံနဲ့ လွှတ်ပေးလိုက်တာဟာ တိုးတက်မှုလို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“သတင်းထောက်တွေကို သိန်း ၅၀ တန် ၂ ဦးစီနဲ့ ၃ ယောက်စလုံးကို အာမခံပေးတယ်။ ပေးတဲ့ နေရာမှာ မျှတစွာဆုံး ဖြတ်ပေးသွားတဲ့ တရားသူကြီးကို ဆရာတို့ ချီးကျူးတယ်။ ဝမ်းသာတယ်။ တခု ဝမ်းနည်းစရာကောင်း တာကတော့ သမ္မတရဲ့ ညွှန်ကြားလွှာအဆိုအရ သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူဖို့ ညွှန်ကြားထားတယ်။ ဒါ အရ ဒီနေ့မှာအမှုကို ရုပ်သိမ်းလွှာ တင်ရမယ်။ သမ္မတပြော တာကို ရန်ကုန်တိုင်းအစိုးရဘက်က လိုက်နာရန် ပျက်ကွက်တာ အထင်အရှားပါပဲ။”

ဒီကနေ့ သတင်းထောက်တွေကို ကြားနာစစ်ဆေးရာမှာ၊ တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွန်ကြားရေးမှူးဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ လာရောက်ခဲ့ခြင်း မရှိပါဘူး။

ဒီအမှုကို လာမယ့် နိုဝင်ဘာလ ကိုးရက်နေ့ တာမွေတရားရုံးမှာ ထပ်မံ ကြားနာမှာဖြစ်ပါတယ်ရှင်။

ဖမ်းဆီးခံ Eleven သတင်းထောက် ၃ ဦး အာမခံနဲ့ပြန်လွတ်
please wait

No media source currently available

0:00 0:03:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG