သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွား


စစ်တွေမြို့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအား လုံခြုံရေး တာဝန်ရှိသူများ စစ်ဆေးနေစဉ်။
စစ်တွေမြို့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအား လုံခြုံရေး တာဝန်ရှိသူများ စစ်ဆေးနေစဉ်။

ရဲစခန်းတွေနဲ့ တပ်အခြေစိုက်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် အပါအဝင် ပြည်နယ်တရားရုံးအနီးနဲ့ မြေစာရင်းရုံးစတဲ့ နေရာ ၃ နေရာမှာ ဒီကနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦးဒဏ်ရာရရှိ သွားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲမှူး ရဲမှူးကြီးအောင်မြတ်မိုး ကပြောပါတယ်။ ဒါအပြင့် မပေါက်ကွဲသေးတဲ့ဗုံးတချို့လည်း ရှာဖွေတွေ့ရှိတယ်လို့ ရဲမှူးကြီးက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ၂၄ ရက်နေ့မနက်ပိုင်းကဗုံးပေါက်ကွဲခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးကတော့ အောင်မြတ်မိုးကအခုလိုအတည်ပြုပြောကြားပါတယ်။

“၃လုံးကွဲတယ် မပေါက်ကွဲသေးတာ ၃လုံးတွေတယ်”

အေးအေးမာ။ ။ လူတွေကောထိခိုက်ဒဏ်ရာရတာများရှိပါသေးလား။

ရဲမှူးကြီး အောင်မြတ်မိုး။ ။မရှိပါဘူး။ ရဲတပ်ဖွဲဝင်တဦးတော့ပြတ်ရှဒဏ်ရာ ရထားပါတယ်။

ပေါက်ကွဲမှု ၃ ခုလုံးက မနက်ပိုင်းမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမူတခုကတော့ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေရဲ့ အိမ်နောက်ဖေးမှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ တခြား ပေါက်ကွဲမှု ၂ ခုကတော့ ပြည်နယ် တရားရုံးအနီးနဲ့ မြေစာရင်းရုံးတွေအနီးမှာ ဖြစ်သွားခဲ့တာလို့ဆိုပါတယ်။ ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရ ဦးတင်မောင်ဆွေရဲ့ အိမ်နောက်ဖက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမူမှာတော့ သူ့ရဲ့လုံခြုံရေးအစောင့်တဦးနဲ့ဆရာဝန်တဦး ထိခိုက်မှုရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် နေရိဉ္စရာသတင်းဌာနက အယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်ကလည်းဆိုပါတယ်။

“၂ယောက်ဒဏ်ရာရတယ်။ အဲဒီ ဦးတင်မောင်ဆွေတို့အိမ်ထဲမှာပါ။ တယောက်က လုံခြုံရေးပါ။ တယောက်က ဒေါက်တာဧည့်သည်ပါ

မအေးအေးမာ။ ။ ဒေါက်တာရဲ့ ဒဏ်ရာကရော ပြင်းထန်လား။

ဦးခိုင်မြတ်ကျော်။ ။ မပြင်းပါဘူး လက်မှာရတာပါ minor ပါ။

အခုဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှု ၃ ခုအပြင် နောက်ထပ် မပေါက်သေးတဲ့ မိုင်း ၃ ခုပါ တွေ့ရှိထားကြောင်း ပြည်နယ် ရဲမှူးကြီးက ဗွီအိုအေကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုေလောလောဆယ်မှာတော့ ပေါက်ကွဲမူဖြစ်ပွားတဲ့နေရာတွေကို အတားအဆီးတွေချထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လားရှိုးမြို့က ရိုးမဘဏ်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၃ ရက်လောက်အကြာမှာ အခုလို စစ်တွေမြို့မှာ တရက်ထဲ ပေါက်ကွဲမှု ၃ ခု ဆက်တိုက် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG