သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲတွင်း စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ (တအာင်း TNLA)


Photo credit: 3 Brotherhood Alliance (MNDAA+TNLA+AA) @ https://vk.com/mndaa_tnla_aa
Photo credit: 3 Brotherhood Alliance (MNDAA+TNLA+AA) @ https://vk.com/mndaa_tnla_aa

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေဆဲဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က စနေနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ် အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး (၅၁) ရက်မြောက်နေ့အဖြစ် မနေ့က ဒီဇင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ကြေညာချက်မှတော့ တအာင်းတပ်မတော် (TNLA) ရှိနေတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တဝိုက် နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဗိုလ်မှူး (၁) ဦး၊ တပ်ကြပ် (၁) ဦးအပါအဝင် စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ စစ်သုံ့ပန်းကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက် မရှိသေးပါဘူး။

TNLA က ဒီရက်ပိုင်းအတွင်း ထိန်းချုပ်လိုက်ပြီဖြစ်တဲ့ နမ့်ဆန်မြို့နဲ့ အနီးတဝိုက် အရပ်သားတွေရှိနေတဲ့ ကျေးရွာတွေကို ကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ အပြင် Y12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အလားတူ ရခိုင်ပြည်နယ် ပလက်ဝဘက်မှာလည်း မနေ့ကထိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်နေသလို အရပ်သားတွေအပေါ် စစ်ကောင်စီဘက်က ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကိုလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

လက်ရှိ ကိုးကန့် MNDAA တပ်တွေရှိနေတဲ့ လောက်ကိုင်ဒေသမှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်မဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့ ဖေါ်ပြမထားသလို တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG