ဘယ်လ်ဂျီယံ အကြမ်းဖက်သမား တိုက်ဖျက်ရေးအဖွဲ့ရဲ့ စီးနင်းမှုတခု အတွင်း လူ၃ ဦးကို ဘရပ်ဆဲလ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက ပြော ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နောက်ထပ်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပြင်သစ်နိုင်ငံ သား တဦးကို ပြင်သစ်ရဲတွေ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဒီစီးနင်းမှုကို လုပ်ဆောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်္ဂါနေ့က ဘရပ်ဆဲလ် လေဆိပ်မှာ သူ့ကိုယ်သူ အသေခံဗုံးခွဲခဲ့သူတဦးဖြစ်တဲ့ Naijm Laachraoui ကို စုံစမ်းစစ်ဆေးသူတွေက DNA နဲ့ တိုက်ပြီး စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
Laachraoui ဟာ နိုဝင်ဘာလ ၁၃ ရက်က လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ပါရီမြို့တိုက်ခိုက်မှုနဲ့ လည်း ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ DNA ကို အသေခံဗုံးခွဲ အင်္ကျီမှာ တွေ့ရသလို သူ့အဝတ်အပိုင်းအစတခုကိုလည်း လူပေါင်း ၉၀ သေဆုံးခဲ့ရတဲ့ Bataclan ပြဇာတ်ခန်းမ မှာတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ သောကြာနေ့မှာ ဘရပ်ဆဲလ် မှာ ရောက်နေပြီး ဘယ်လ်ဂျီယံနဲ့ ဥရောပအဖွဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး အကြမ်းဖက်တိုက်ခိုက်မှု ဆိုင်ရာဆွေးနွေးဖို့ ရှိပါတယ်။
အသတ်ခံရသူတွေ ဒဏ်ရာရသူ အပြစ်မဲ့တဲ့ အရပ်သားတွေ အတွက် သူ့ရဲ့ ဘယ်လ်ဂျီယံ ခရီးစဉ်အတွင်း သတင်းစကားပါးချင်ကြောင်း အမေရိကန်နဲ့ သူ့မဟာမိတ်အဖွဲ့ဝင်တွေဟာ ဘယ်တော့မှ ကြောက်ရွံ့ နောက်တွန့်မှာ မဟုတ်သလို ကောင်းမွန်တဲ့ အဖြေရအောင်ရှာ၊ ခိုင်မာတဲ့ အင်အားနဲ့ပြန်လာပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေ ကမ္ဘာမြေပေါ်က ပျောက်သွားတဲ့အထိ မရပ်မနားလုပ်ဆောင်မှာ ဖြစ်ကြောင်း ဝန်ကြီးကယ်ရီက ပြောကြားခဲ့ပါတယ်။