သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ


မွေးကင်းစကလေးငယ်တွေကို သူနာပြုက ဂရုစိုက်ကြည့်ရှုနေစဉ် (၂၁ ဧပြီ ၂၀၁၁)
မွေးကင်းစကလေးငယ်တွေကို သူနာပြုက ဂရုစိုက်ကြည့်ရှုနေစဉ် (၂၁ ဧပြီ ၂၀၁၁)
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာပေါ်က တိုင်းပြည်အတော်များများ မှာ မွေးကင်းစကလေး ကျန်းမာရေးဟာ အတော်ကြီးကို အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်္ဂါနေ့တုန်းက မိခင်များဆိုင်ရာ နိုင်ငံတကာ အစီရင်ခံစာတစ်စောင်ကို Save the Children အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရဆိုရင် တစ်နှစ် တစ်နှစ်ကို မွေးကင်းစ ကလေးငယ် တစ်သန်းဟာ မွေးဖွားပြီးပြီးချင်းမှာပဲ သေဆုံးခဲ့တယ်ဆိုပြီး သုံးသပ် ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ မိခင်တွေနဲ့ပတ်သက်လို့ အရည်အသွေး အကောင်းဆုံးအဆင့်တွေကို သတ်မှတ်ဖော်ပြရာမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး၊ ကွန်ဂိုနိုင်ငံက မိခင်တယောက်အတွက် အဆိုးဆုံး အခြေအနေအဖြစ် သတ်မှတ်ဖော်ပြပါတယ်။

မိခင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုံးသပ်ထားရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၂ နဲ့ အတော်လေး အောက်ပိုင်းမှာ ရှိနေပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရှိတဲ့နေရာမှာလည်း ၄ ဒဿမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဖော်ပြပါတယ်။ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာလည်း တစ်ထောင်မှာ ၆၂ ဒဿမ ၄ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မိခင်တွေရဲ့ အရည်အသွေးမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ နံပါတ် ၈၀၊ ဘင်္ဂလားဒေ့ရ်ှက နံပါတ် ၁၃၆ ရှိတာမို့၊ မြန်မာဟာ အာရှမှာ အောက်ဆုံးက လိုက်နေပြီး မြန်မာအောက်မှာ အာဖရိကတိုက်နိုင်ငံတွေ အများစု တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာအထက်မှာ ရှိပေမဲ့၊ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း မှာတော့ အမြင့်ဆုံးမှာ ရှိနေပါတယ်။ အိန္ဒိယမှာ တစ်နှစ်တစ်နှစ်ကို မွေးဖွားစ ကလေးငယ် သုံးသိန်းကျော် သေဆုံးမှု ရှိတယ်လို့ ဖော်ပြပါတယ်။
XS
SM
MD
LG