သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစီရင်ချက်အပေါ် ဆန္ဒပြမှုကြောင့် ဘုရားသုံးဆူမှာ လုံခြုံရေးတင်းကျပ်


ထိုင်းနိုင်ငံတွင်း သေဒဏ်ချမှတ်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး မျှတတဲ့ တရားစီရင်ရေး ရရှိရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ထိုင်းဘက်က လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကိုကူးပြီး အလုပ်လုပ်ဖို့ အခက်တွေ့သွားစေပြီး ကုန်သွယ်ရေးလည်း နှေးကွေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲတွေရှိနေတဲ့ မြန်မာဘက်ခြမ်းမှာတော့ လုံခြုံရေးကို ထူးထူးခြားခြား တင်းကျပ်တာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးအတွက် တရားမျှတမှု ရရှိရေး ဆန္ဒပြပွဲကို ဗုဒ္ဓဟူးနေ့မှာလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကနေစလို့ ရက်ခြားဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေး တင်းကျပ်လိုက်တယ်လို့ ဘုရားသုံးဆူဒေသခံ ကိုထူးက ပြောပါတယ်။

“နည်းနည်းတော့ နှေးသွားတာပေါ့။ ဟိုဘက်လည်း ကျနော်တို့ ဒီကနေ ပစ္စည်းကလည်း ဟိုဘက်ကို ပို့လို့ အဆင်မပြေပေါ့။ အပေါ်ကဟာလည်း ဒီဘက်ကို အဆင်းလည်း နည်းနည်း ကြန့်ကြာတာပေါ့။ သွားလို့တော့ ရတော့ရတယ်။ အခါတိုင်းလိုမျိုး အလွယ်တော့ မရတော့ဘူးပေါ့။ နည်းနည်းတော့ ခက်ခဲသွားတာပေ့ါ။ ကျနော်တို့ ဒီဘက်ကတော့ ဘာမှ မရှိဘူးခင်ဗျ။ ဒီတိုင်း အရင်လိုပဲ ပုံမှန်ပဲ။ ဆန္ဒပြတဲ့အချိန် တချက်ပဲပေါ့နော်။ အဲဒီနေရာမှာပဲ ကျနော်တို့ နယ်ခြားစစ်ဆေးရေးဂိတ်ပေါ့။ အဲဒီမှာပဲ ရဲတွေ သူတို့ ကင်းယူထားတာတော့ ရှိတာပေါ့လေ။ ဥပမာ - ဆန္ဒပြတဲ့သူတွေကို ထိန်းထိန်းသိမ်းသိမ်းပေါ့။ အဲ့လိုမျိုးပဲရှိတယ်။ ဒီလို တခြားအချိန်ကတော့ ဘာမှမရှိဘူး။ ယူထားတာလည်း မရှိပါဘူး။ တပ်ကရော၊ ရဲရော လုံခြုံရေးယူထားတာ ဘာမှ မရှိဘူး။”

ထိုင်း-မြန်မာကုန်စည် အဝင်အထွက်လည်း အရှိန်လျော့သွားပြီး စက်သုံးဆီ၊ စားဆီ တို့လို ထိုင်းဘက်က သွင်းကုန်တွေကတော့ ဒေသတွင်း သိသိသာသာ ဈေးတက်သွားသလို မြန်မာဘက်က အလုပ်သမားတွေ ထိုင်းဘက်ကူးပြီး အလုပ်လုပ်ဖို့လည်း အခက်အခဲ ဖြစ်သွားတယ်လို့ ဒေသခံ ကိုထူးက ပြောပါတယ်။

“မနက်အစောကြီး အလုပ်သမားတွေက သွားတယ်။ သွားတဲ့အခါကျတော့ ဆန္ဒပြတာနဲ့ ဆုံတဲ့အခါကျတော့ ဆန္ဒပြတဲ့အထဲမှာ အလုပ်သမားတွေ ပါတာလည်းရှိတယ်လေ။ စက်ရုံကို စောစောရောက်တဲ့သူကတော့ သူ အလုပ်ရုံတော့ ရောက်သွားတယ်။ ဒါပေမဲ့ စက်ရုံတက်တဲ့အချိန်ကျတော့ ဒီ လူအင်အားမပြည့်လို့ ဘာညာဆိုတော့ ဒီစက်ရုံက ပြန်လွှတ်လိုက်တဲ့ဟာမျိုးတွေလည်း ရှိတယ်ခင်ဗျ။ သူတို့ဘက်ကလူက အပြည့်မလာဘူးဆိုတော့ စက်ရုံက အလုပ်မခေါ်တော့ဘူး။ ပြန်ပြီးတော့ လူတွေကို လွှတ်လိုက်တယ်။ တချို့ကျတော့လည်း လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက စက်ရုံကို ၇ ရက်တို့၊ ၆ ရက်တို့ အဲ့လိုမျိုး ပိတ်လိုက်တာရှိပါတယ်။”

ထိုင်းနိုင်ငံတွင်း ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦးတို့ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် မကျေနပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံတဝှမ်း ဆန္ဒပြနေကြတာမှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာလည်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ သေဒဏ်ချမှတ်ခံရပြီးချိန်မှာ စတင်ကြတဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်းရာနဲ့ချီ ပါဝင်ခဲ့ကြပေမဲ့ အခု နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေ နည်းပါးလာပြီး ဆန္ဒပြပွဲတွေ အရှိန်လျော့သွားပေမဲ့ ကုန်သွယ်ရေးကတော့ ပုံမှန် မဖြစ်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG