သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် Louisiana ပြည်နယ် ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၃ ဦးသေ


Baton Rouge က ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီး ရဲတပ်ဖွဲ့ဝင်တွေ လမ်းပိတ်ထားစဉ်။
Baton Rouge က ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီး ရဲတပ်ဖွဲ့ဝင်တွေ လမ်းပိတ်ထားစဉ်။

အမေရိကန်ပြည်ထောင်စု၊ Louisiana ပြည်နယ်၊ Baton Rouge မြို့မှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာဖုံစွပ်ထားတဲ့ သေနတ်သမားက တနင်္ဂနွေနေ့မှာ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ ၃ ဦး သေဆုံးသွားပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူဟာ တဦးထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်း ထွက်လာတဲ့သတင်းတွေကတော့ မသေချာသေးပေမယ့် သေနတ်သမား တဦး သေဆုံးပြီး ၄ ဦးမြောက် ရဲအရာရှိဟာလည်း စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတာကြောင့် ဒေသတွင်း ဆေးရုံကို ပို့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တခြား မသင်္ကာရတဲ့ သေနတ်သမားတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး Baton Rouge ရဲဌာနချုပ်နဲ့ ၂ ကီလိုမီတာလောက်ဝေးတဲ့ အခင်းဖြစ်တဲ့နေရာ တဝိုက်က ကောင်းကင်မှာ ရဟတ်ယာဉ်တွေလည်း ဝဲပျံနေတယ်လို့ ဆိုပါတယ်။ မနက် ၉ နာရီက ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုအပြီး ၅ နာရီလောက် ကြာလာတဲ့အထိ ရဲအရာရှိတွေကို အခုလို ပစ်ခတ်မှုဟာ ရဲက တားဆီးတဲ့အချိန်မှာဖြစ်တာလား၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာလားဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

မကြာသေးခင် သီတင်းပတ်အတွင်း ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုတွေရဲ့ ဒဏ်ရာတွေ ပျောက်ကင်းအောင် လုပ်ဆောင်ဖို့နဲ့ ညီညွတ်မှု လိုအပ်နေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဟာ ပြောမပြနိုင်အောင် ဆိုးရွားပြီး တရားနည်းလမ်း မကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Louisiana ပြည်နယ် အုပ်ချုပ်ရေးမှူး John Bel Edwards က ပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေမှာ သတင်းထောက်တွေကို စကားပြောကြားဖို့ စီစဉ်ထားပါတယ်။

Baton Rouge မြို့ဟာ ဇူလိုင်လ ၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အာဖရိကန်-အမေရိကန်လို့ခေါ်တဲ့ လူမဲ Alton Sterling သေဆုံးခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မနက်က ဖြစ်သွားခဲ့တဲ့ ပစ်မှုအခြေအနေတွေနဲ့ပတ်သက်လို့ သမ္မတ Barack Obama ကို အသိပေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG