သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်း သုံးဦး လွတ်မြောက်


 မြင်းခြံခရိုင်တွင် ကျောင်းသားများ ဆန္ဒပြစဉ်။ သတင်းဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် - မြင်းခြံ ခရိုင်။
မြင်းခြံခရိုင်တွင် ကျောင်းသားများ ဆန္ဒပြစဉ်။ သတင်းဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် - မြင်းခြံ ခရိုင်။

ကျောင်းသားသပိတ် စစ်ကြောင်း မြင်းခြံမြို့ ကိုဖြတ်သန်းစဉ် ဒီကရီကောလိပ် အတွင်း နိုင်ငံတော်အလံတိုင်တွင် ကျောင်းသားသမဂ္ဂအလံ လွှင့်တင်ခဲ့မှုနှင့် ပတ်သက်လို့ မုံရွာနည်းပညာတက္ကသိုလ် (စက်မှု) ကျောင်းသား ကိုစိုးလှိုင် နဲ့ ရတနာပုံတက္ကသိုလ်ကျောင်း ကိုဇင်ကိုသန့် ကျောင်းသား ၂ဦးကို ထိန်းသိမ်းထားခဲ့ပြီး ပုဒ်မ၁၆ ပုဒ်မ ၁၈တို့နဲ့ တရားစွဲဆိုရာကနေ ဧြ့ပီလ ၂၁ရက်မှာတော့ ပုဒ်မ၄၉၄အရ သူတို့ကို စွဲဆိုထားတဲ့အမူတွေကိုပြန်ရုပ်သိမ်းလိုက်ပြီး ပြန်လွတ်ပေးခဲ့ပါတယ်။ မေမြို တရားရုံးရှေမှာ သပိတ်မှောက် ဆန္ဒပြခဲ့တဲ့ရှေ့နေကြီး ဦးဇော်ဝင်းကို တော့ မန္တလေးထောင်မှ ပြန်လွှတ်ပေးခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

မြင်းခြံဒီဂရီကောလိပ်မှာ အလံတင်တယ်လို့ စွပ်စွဲခံရပြိး ပုဒ်မ ၁၆၊ ပုဒ်မ ၁၈တိုနဲ့ တရားစွဲဆိုခံထားရတဲ့ ကျောင်းသား (၂) ဦးဖြစ်တဲ့ ကိုစိုးလှိုင် နဲ့ ကိုဇင်ကိုသန့် (၂) ဦးကို ဧပြီလ ၂၁ရက်နေ့ ညနေပိုင်းမှာပဲ အကျဉ်းထောင်က ပြန်လွတ်ပေးခဲ့ပါတယ်။

ပြန်လွတ်မြောက်လာတဲ့ကျောင်းသား ဖြစ်တဲ့ ကိုဇင်ကိုသန့်ကတော့ အခုလိုပြောပါတယ်။

"တရားရုံးကတော့ ခုနက တရားသူကြီး ရွတ်ပြတာပေါ့နော်။ ဥပဒေ ပုဒ်မ ၄၉၄ အရ အမှုပိတ်သိမ်းကြောင်းပြောပြီးတော့ ကျနော်တို့ကို လွှတ်ပေးတယ်ပေါ့။ ကျနော်တို့ကတော့ ကြိုဆိုပါတယ်ဗျ။ ဒါက ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရပဲလေ"

အမှုတွဲတူပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း တရားလိုက အမှုကို ပြန်ရုပ်သိမ်းဖို့ကိုစောင့်နေရတာကြောင့် တခြားကျောင်းသားတွေပြန်လွတ်ပေးချိန် မှာ ဒီကျောင်းသား (၂) ဦးကတော့ အကျဉ်းထောင်ထဲမှာ ကျန်နေသေးတာဖြစ်ပါတယ်။ သူတို့ဟာ မတရားသဖြင့် စွပ်စွဲခံရတယ် လို့ ယူဆထားတာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မူတွေဖြစ်ရတယ်လို့လည်း သူတို့ကိုသွားရောက်ကူညီပေးနေတဲ့မြင်းခြံမြိုက တက်ကြွ လှုပ်ရှားသူ ဒေါက်တာစိုးနိုင်ကလည်းပြောပါတယ်။

"သူတို့တတွေက ဟို သပိတ်စစ်ကြောင်း နွားထိုး မရောက်ခင်ကတည်းက သူတို့ အိမ်ပြန်သွားကြတာ။ သူတို့အိမ်မှာရှိတယ် ဆိုတဲ့အကြောင်းကို သူတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကလည်း တရားရုံးမှာ လာပြီးတော့ သက်သေ ထူပေးနိုင်တယ်။ နောက်သက်သေထွက်ပေးတယ်။ သူအဆောင်မှာနေတဲ့ ကျောင်းသားကလည်း သူအဆောင်မှာရှိတယ် ဆိုတဲ့အကြောင်း ကို ကျန်တဲ့ကျောင်းသားတွေက အဲဒီအဆောင်မှာ ရှိတဲ့ ကျောင်းသားတွေက လည်း သက်သေထွက်ပေးနိုင်တယ်။ နောက်တခုက ရဲကစွဲတင်တဲ့ သက်သေပြပုံမှာလည်း သူတို့တွေပါလို့ ထင်ထင်ရှားရှားပြနိုင် တာလည်း မဟုတ်ဘူး။ နောက်တခုက သူတို့ ဘယ်နေရာက ပြန်သွားတယ် ဆိုတာကလည်း ကျောင်းထဲမှာ အားလုံးကလည်း သိတယ်။ သူတို့ မဟုတ်ပါဘူးလည်းပြောတယ်။

သူတို့အိမ်ပါတ်ဝန်းကျင်နားကလူတွေကလည်း လူကြီးလူကောင်းတွေကလည်း သူတို့တွေက အဲဒီရက်က သူတို့အိမ်မှာရှိပါတယ်ဆိုတာကို လာပြီးတော့ တရားရုံးကို သက်သေပြနိုင်ပါရက်နဲ့ မတရားသဖြင့် စွပ်စွဲခံရတယ်လို့ သူတို့မှာ နာကျည်းချက် ကြီးကြီးမားမားရှိပါတယ်။ တယောက်က ကိုဇင်ကိုသန့်ကတော့ ပုသိမ်ကြီးက ရတနာပုံတက္ကသိုလ်ကျောင်းပါ။ ကိုစိုးလှိုင်ကတော့ မုံရွာ ဂျီတီစီကပါ။ သူက ပုလဲမှာ နေပါတယ်။ မပါတာကိုလည်း သက်သေပြနိုင်ပါတယ်။ တကယ်လည်း မပါဘူး။ လုပ်လို့ သူတို့လုပ်လို့ သူတို့ခံရတာကို သူတို့က ဘာမှမဖြစ်ဘူး။ လုပ်တဲ့သူကလည်း သူလုပ်တယ်ပြောနေပြီ။ သူတို့ဘာမှဆက်ပြီး အမှုကို ပြင်ဆင်တာတို့ ဘာတို့မလုပ်ဘူးပေါ့။ သူတို့ကပြောပါတယ်။

အလံတင်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ စွဲတယ်။ အဲဒါကို အလံတင်ခဲ့တယ်ဆိုတာ မတင်ပါဘူးလို့ ဒီဘက်ကနေပြီးတော့ ငြင်းချက်ထုတ်နိုင်တဲ့ အခါကျတော့ သက်သေပြနိုင်တဲ့ အခါကျတော့ သူတို့စစ်ကြောင်းထဲမှာ ပါတယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ တခါထပ်စွဲတယ်။ ပုဒ်မ ၁၈ က တကယ်တမ်းကျတော့ စစ်ကြောင်းထဲမှာ ပါတယ်ဆိုတာ သပိတ်မှောက် ဆန္ဒပြတဲ့ အထဲမှာ ပါတာကို ဝန်ခံခိုင်းတယ်။ ဒါကို ဝန်ခံလို့ရှိရင် စစ်ကြောင်းထဲမှာ ပါတယ်။ အဲလိုဆိုရင် အလံတင်တာ အလံချတာ ဒီကောင်တွေလည်း ပါတယ် သဘောမျိုးသက်ရောက်အောင်လို့ ပုဒ်မ ၁၈ နဲ့ထပ်စွဲထားတာ။"

ဒီကနေ့မှာတော့ မန္တလေး အိုးဘိုထောင်ကနေ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ တရားလွတ်တော်ရှေ့နေ ဦးဇော်ဝင်းလည်းပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။ ရှေ့နေဦးဇော်ဝင်းဟာ ပုဒ်မ တောင်သူလယ်သမား အရေး၊ အလုပ်သမားအရေးတွေကို လိုက်လံပြီး ကူညီဆောင်ရွက်ပေးနေ တဲ့ ပြင်ဦးလွင်မြို့ကတရားလွှတ်တော်ရှေ့နေ တဦးဖြစ်ပါတယ်။

ဦးဇော်ဝင်းဟာပြင်ဦးလွင်ခရိုင်တရားရုံးရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ- ၅၀၅ (ခ) ပုဒ်မ ၁၈ ပုဒ်မ ၁၄၇ စတာတွေနဲ့ အမူရင်ဆိုင်ခဲ့ရပြီး ၂၀၁၄ သြဂုတ်လကတည်းက ထိန်းသိမ်းခံခဲ့ရပါတယ်။ ဧပြီလ ၂၁ရက်နေ့မှာတော့ သူ့ကိုစွဲဆိုထားတဲ့အမူတွေကို ပြန်ရုပ်သိမ်းပေးလိုက်ပြိးမြင်းခြံက ကျောင်းသား (၂) ဦးလိုပဲ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

XS
SM
MD
LG