သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်


စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်
စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်

ရှပ်ရှင်သရုပ်ဆောင် စာရေးဆရာ နဲ့ တေးသံရှင်အဆိုတော်အဖြစ်ပါ အောင်မြင် ကျော်ကြားတဲ့ သုမောင်ဟာ မနေ့က မေလ (၁၆) ရက် တနင်္ဂနွေနေ့ ည (၉) နာရီအချိန်လောက်မှာ ရန်ကုန်မြို့ သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် (၆၀) နှစ်ရှိပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနဲ့အတူ သားသမီး (၄) ယောက် ကျန်ရစ်ခဲ့ပါတယ်။

သုမောင်ဟာ စွယ်စုံရ အနုပညာရှင်တဦးလို့ ဆိုရလောက်အောင် စာပေ၊ ရုပ်ရှင်၊ ဂီတစတဲ့ နယ်ပယ် (၃) ခုစလုံးမှာ တကယ့်ကို အောင်မြင်ခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ နေထိုင်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ ဝင်းဖေ က မှတ်ချက်ပေးပါတယ်။

"ဒီနယ်ပယ်သုံးခုစလုံးမှာ သူက မည်ကာမတ္တ အနုပညာသည် အလယ်အလတ် ဘာညာ ဒါမျိုးမဟုတ်ဘူးဗျ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာသည်အနေနဲ့ ပိုပြီး တော့ အားသန်တယ်။ စာရေးတဲ့ နေရာမှာရော သီချင်းဆိုတဲ့နေရာမှာကော သိက္ခာရှိတဲ့ အနုပညာသည် ဖြစ်ပါတယ်။ ဒီအနုပညာတွေကလည်း တော်တော်အရေးကြီးတဲ့ အနုပညာနယ်ပယ်တွေ ဖြစ်နေတယ်။ အဲဒီ နယ်ပယ်သုံးခုစလုံးကနေ ပြီးတော့ သူ့ကိုဆုံးရှုံးကြရတဲ့အတွက ်နှမျောကြမှာပါပဲ။"

သုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ ဖခင်ဖြစ်သူ စာရေးဆရာ ဒါရိုက်တာ ဦးသာဓု နဲ့ မိခင်ဒေါ်ခင်ညိုတို့က ဖွားမြင်ခဲ့တာ ဖြစ်ပြီး အမည်အရင်းက မောင်ဗလ ဖြစ်ပါတယ်။ မွေးချင်း (၄) ယောက် ရှိတဲ့အနက် ဒုတိယမြောက်သား ဖြစ်သလို ၁၉၆၉ ခုနှစ်မှာ GIT လို့ ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းကနေ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့ပါတယ်၊ ဒီနောက်တော့ ၁၉၇၀ လောက်ကစပြီး အုပ်စိုးဆိုတဲ့ အမည်နဲ့ ဝတ္တုတိုတွေ စတင်ရေးလာခဲ့ပြီး ၁၉၇၄ လောက်မှာတော့ ရုပ်ရှင်နဲ့ စာပေနယ်တွေမှာ လူသိများအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် သုမောင် ဖြစ်လာခဲ့ပြီး ၁၉၉၀ မှာ အကောင်းဆုံး အမျိူးသားရုပ်ရှင် သရုပ်ဆောင်ဆုကို "ခုနှစ်စဉ်အလွမ်းဇတ်ကား" နဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀) ကျော် ရိုက်ကူးခဲ့သလို သီချင်းများစွာကိုလည်း ကိုယ်တိုင် ရေးသား စပ်ဆိုခဲ့သူပါ။ ဒါ့အပြင် ဝတ္ထုတို၊ ဆောင်းပါး နဲ့ သာသာပြန်စာအုပ်တွေကို ရေးသားခဲ့တဲ့အထဲ ကွမ်းစကား၊ အရက်သမား အမှားတထောင် နဲ့ အချစ်လားသူဖျားနေတယ် ဆိုတဲ့ စာအုပ်တွေဟာ အင်မတန်လူကြိုက်များခဲ့ပါတယ်။ သုမောင်ဟာ အနုပညာမျိုးရိုးထဲက ဖြစ်သလို ဖခင်ဖြစ်သူက အင်မတန်အောင်မြင်တဲ့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု ဖြစ်ပြီး မွေးချင်း ညီအကိုတွေထဲမှာလည်း စာရေးဆရာ၊ ဒါရိုက်တာ နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့တွေအားလုံးဟာ အနုပညာကို သဘာဝအတိုင်း သရုပ်ဆောင်ကြတဲ့ သဘာဝမင်းသားတွေအဖြစ် အောင်မြင်ခဲ့ကြတာပါ။ အထူးသဖြင့် ရုပ်ရှင်နယ်ပယ်ထိ မင်းသား ဆိုတာထက် သရုပ်ဆောင်ဆိုတဲ့ ဘဝနဲ့ ဖြတ်သန်းခဲ့သူတဦး ဖြစ်တယ်လို့လည်း ဆရာဦးဝင်းဖေက ဆိုပါတယ်။

"ပြောကြပါစို့ဗျာ သူတို့သဘာဝအုပ်စုမှာ သူ့အဖေကစလို့ပေါ့။ သူ့အဖေဟာ အသက်လည်းကြီးပါပြီ၊ ဘယ်လိုမှလည်း ရုပ်ရည်အားဖြင့် ပေါ့လေ ဘာမှ စွဲဆောင်စရာ ဘာညာမရှိပေမဲ့ ဧည့်သည်ဆိုတဲ့ ဇာတ်ကားကို အဓိကသရုပ်ဆောင် မင်းသားလုပ်ပြီးတော့၊ တက်ပြီးတော့ အောင်မြင်တဲ့ ရုပ်ရှင်ကိုရိုက်သလို၊ ကိုသုမောင်လည်း အတူတူပဲ။ သူကိုယ်တိုင်က ရုပ်ရည်ဆိုတာကို အားကိုးပြီးတော့ သရုပ်ဆောင်မယ် ဆိုတဲ့ အနေအထားမှာမရှိဘဲနဲ့ လုပ်ခဲ့၊ အောင်မြင်ခဲ့တဲ့ အနုပညာသည် ဖြစ်တယ်။ အဲဒီ သဘောတရား အတိုင်းပဲ စာရေးတဲ့ နေရာမှာရော၊ သီချင်းဆိုတဲ့ နေရာမှာရော အလွန်ယုံယုံကြည်ကြည် နဲ့ စေတနာ ထားပြီးတော့ သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ အနုပညာတွေကို တင်ပြတဲ့ အနုပညာသည်ဖြစ်တယ်။ ဒါဟာ တော်တော်ထူးခြားပါတယ်။"

XS
SM
MD
LG