သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လူမျိုးရေးနစ်နာစေတဲ့မှတ်ချက်ကြောင့် သာသနာရေးဝန်ကြီး သတိပေးခံရ


ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပြောဆိုခဲ့တာတွေနဲ့ ပတ်သက် လို့ နိုင်ငံအကြီးအကဲတွေဘက်က ခေါ်ယူတွေ့ဆုံထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒုက္ခသည်ပြန်လည်လက်ခံရေးပိုင်းကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းပဲ ဆက်လုပ်သွားမယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်သတင်းစာရှင်းလင်းပွဲတခုမှာ သာသနာရေးဝန်ကြီး သူရ ဦးအောင် ကိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်တွေကို အစွန်းရောက် ဖြစ်အောင် ရိုက် သွင်း နေတာတွေရှိပြီး မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ကို ချီတက် တိုက်ခိုက်ဖို့ လှုံ့ဆော်နေတယ်လို့ ပြော ထားတဲ့အပေါ် နိုင်ငံအကြီး အကဲတွေဘက်က ခေါ်ယူတွေ့ဆုံခဲ့ တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောဆိုပါတယ်။

“အဲဒီကိစ္စကတော့ အကြီးအကဲတွေသူ့ကိုခေါ်ပြီးတွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အဓိက ကတော့ ဌာန ဆိုင်ရာတွေ မီဒီယာနဲ့တွေ့ဆုံပြောကြားတာမှာ နိုင်ငံတော်အစိုးရရဲ့မူဝါဒကို ကင်းလွတ် လို့ မရဘူး။ ပုဂ္ဂလိကတဦးချင်း ပြောကြားချက်နဲ့ နိုင်ငံတော်မူဝါဒခွဲခြားသိဖို့လိုတယ်။ ဆိုင်ရာ ဆိုင်ရာဒီကိစ္စ ပြောခွင့်ရတဲ့သူတွေ ရှိတယ်လို့ ပြောချင်ပါတယ်။”

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံအကြီးအကဲက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ဆိုပေမယ့် ဘယ်သူက တွေ့ဆုံပြီး ဘယ်လိုသတိပေး ပြောဆိုခဲ့သလဲဆိုတာကိုတော့ ဦးဇော်ဌေးက ဖြေဆိုဖို့ ငြင်းဆန် ခဲ့ပါတယ်။

သာသနာရေးဝန်ကြီးပြောဆိုချက်ကြောင့် ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်ကို ထိခိုက် လာနိုင်ခြေ ရှိတယ်ဆိုတဲ့ မှတ်ချက်တွေရှိနေပြီး ဒါနဲ့ပတ်သက်လို့ ဦးဇော်ဌေးက ဒုက္ခသည်ပြန် လက်ခံရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းဆက်လက်လုပ်ဖို့ ပြောဆို ထားပြီးဖြစ် တယ်လို့ဆိုပါတယ်။

ဒုက္ခသည်ပြန်လက်ခံရေးအတွက် ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်း ဝန် ဦးမြင့်သူက ဘင်္ဂလားဒေရှ့်ဆိုင်ရာသံအမတ်နဲ့တွေ့ဆုံခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဦးဇော်ဌေးပြောပြလာတာက-

“တွေ့ဆုံတာမှာ အဓိကပြောတဲ့ အချက် ၄ ချက်ရှိတယ်။ နှစ်နိုင်ငံသဘောတူထားတဲ့ အတိုင်း နေရပ် စွန့်သူတွေ ပြန်လာနိုင်ရေးဆောင်ရွက်ဖို့၊ နှစ်နိုင်ငံသဘောတူထားတဲ့ စိစစ်ရေး ပုံစံတွေကို ကာယကံ ရှင် ကိုယ်တိုင် ဖြည့် ပေး ဖို့၊ မိမိသဘောဆန္ဒအတိုင်းပြန်လာဖို့၊ ပြန်ရောက်လာရင် ပြည်တွင်း ဥပဒေလေးစားလိုက်နာဖို့ အဲဒီ အချက်တွေ ကို သံအမတ်ကို ပြောလိုက်ပါတယ်။ ပြန် လက်ခံရေးကို အရင် နှစ်နိုင်ငံသဘောတူထားတဲ့ အတိုင်းပဲ ဆက်လုပ် သွားမယ်ဆိုတာ ဘင်္ဂလားဒေရှ့်ဘက်ကို ပြောထားပြီး ဖြစ်ပါတယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၁၅ ရက်နေ့မှာ စတင်ဖို့ဖြစ်ပေမယ့် ဒုက္ခသည်တွေ တယောက်မှ ပြန်မလာကြတဲ့ အတွက် အစီအစဉ် မစနိုင် သေးဘဲ ဖြစ်နေတာဖြစ်ပြီး လာမယ့် နှစ်မှာတော့ ဒီလုပ်ငန်းစဉ်ကို ပြန် လည် စတင် နိုင်ဖို့ မြန်မာအစိုးရဘက်က မျှော်မှန်းထား ပါတယ်။ လာမယ့်ဒီဇင်ဘာလကုန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ဒီ ရွေးကောက်ပွဲပြီးမှသာ ဒီလုပ်ငန်းစဉ်ဆက် လုပ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆို ထားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ဗွီအိုအေကို ပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံ နေရာချထားပေးဖို့ မြန်မာနိုင်ငံဘက်က အစစ စီစဉ် ပြင်ဆင်ထား တယ်လို့ ပြောထားပေမယ့်လည်း လုံခြုံရေးပိုင်း စိတ်မချတာနဲ့ NVC ကဒ် လုပ်ငန်းစဉ်ကို လက်မခံနိုင် တာကြောင့် ပြန် မလာဘူးလို့ ပြောထားတဲ့ ဒုက္ခသည်တွေ ရှိ သလို ပြန်လာချင်တဲ့ ဒုက္ခသည်တွေ လည်း ရှိနေတယ်ဆိုတာ ဗွီအိုအေက ပြီးခဲ့တဲ့ သီတင်း ပတ်အတွင်း မောင်းတောဒေသနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ သတင်းသွားယူချိန်အတွင်း သိခဲ့ရ ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG