သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသဖွံ့ဖြိုးရေး ရခိုင်တိုင်းရင်းသားတွေနဲ့ သူရဦးရွှေမန်း ဆွေးနွေး


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှု ပဋိပက္ခတွေ အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း လွှတ်တော် အကြီးအကဲ တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအပေါ် သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ သုံးသပ်ကြသူတွေလည်းရှိသလို အစိုးရခေါင်း ဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေရဲ့ အခုလို လူထုတွေနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အပြုသဘော တုံ့ပြန်မှုတွေ လည်းရှိပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် နာကယ သူရဦးရွှေမန်းက ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့နယ်က ကိုယ်စားပြုသူတွေ၊ ရန်ကုန်မှာရှိတဲ့ ရခိုင် တိုင်းရင်းသားမိသားစုတွေ၊ ပြီးတော့ ရခိုင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် ရန်ကုန်-နိုင်ငံတကာ စီးပွားရေး စင်တာ IBC ခန်းမမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တာပါ။ အဓိက အကြောင်းအရင်းကတော့ ရခိုင်ပြည်နယ်တွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့ နောက်ပိုင်း လက်ရှိအခြေအနေတွေအပါအဝင် ပြည်နယ်ဖွံ့ဖြိုးရေးမှာ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ရခိုင်လူထုတွေရဲ့ တင်ပြချက်တွေကို ပြည်ထောင်စု လွှတ်တော်နာယကတဦးအနေနဲ့ သိလိုတာကြောင့်ဖြစ်တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ RNDP ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပြပါတယ်။

“အန်ကယ်တို့ ဒေသခံအသီးသီးတွေက တင်ပြကြတာကတော့ ဘင်ဂါလီမူဆလင်တွေကို နိုင်ငံတကာ INGO တွေက အကူအညီပေးတယ်၊ အကူအညီပေးတဲ့အခါ အချိုးအစီအစဉ်တွေနဲ့ ကူညီတယ်။ အဲဒီလို မရိုးမသားတာတွေကိုလည်း တကယ်တွေ့ရတယ်။ အဲဒီလိုတွေ့ရှိချက်တွေကို နိုင်ငံတော်ခေါင်းဆောင်ဖြစ်တဲ့သူတွေက သိဖို့လိုတယ်။ အဲဒါတွေလည်း ပါတာပေါ့။ လွှတ်တော်နာယကသိရုံနဲ့တော့ ဒီကိစ္စကို ချက်ခြင်းပြန်ပြီးတော့ ဘာလုပ်မယ်၊ ဘာလုပ်မယ်လို့ ပြန်ပြီးတော့ မပြောပါဘူး။ ဒီအခက်အခဲတွေကို သူ တွေ့ရှိရတဲ့အတွက်ကြောင့် သူက ဒီတင်ပြချက်တွေကို ဟုတ်မဟုတ်၊ မှန်မမှန်၊ အထောက်အထား ခိုင်မာမှု ရှိမရှိ၊ ဒါတွေတကယ် လိုအပ် မလိုအပ်၊ သူ သုံးသပ်ပြီးတော့ ဆက်ပြီးတော့ လုပ်မှာပေါ့။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း တင်ပြဆွေးနွေးခဲ့ ကြပြီး ဒါတွေကို လွှတ်တော်တွေအနေနဲ့ ဥပဒေပြဌာန်းပြီး ဆောင်ရွက်ပေးသွားရမှာဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောကြားခဲ့တဲ့အကြောင်း ဦးဘရှင်က ဆက်ပြောပြပါတယ်။

“ဒီ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီ-ရခိုင် Crisis ပေါ့- အကြပ်အတည်းဟာ ရခိုင်ပြည်နယ် တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူး၊ ပြည်ထောင်စု တဝှန်းလုံးနဲ့သက်ဆိုင်တယ်၊ ပြည်ထောင်စုတိုင်းရင်းသား အားလုံးနဲ့သက်ဆိုင်တယ်၊ နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့လည်း သက်ဆိုင်တယ်၊ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို သူ လက်ခံတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေရဲ့တင်ပြချက်တွေကို လွှတ်တော် နာယကကြီးအနေနဲ့က သဘောပေါက်တယ်။ နားလည်တယ်။ အဲဒီလို နားလည်တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော်က ပါးစပ်နဲ့ပြောရုံ မဟုတ်ဘဲ ဥပဒေပြဌာန်းပြီးတော့ ကူညီဆောင်ရွက်ပေးရမယ်ဆိုတာကို သူ ရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လဆန်းစပိုင်းက စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်ဦးရေ ၇ သောင်း ၅ ထောင်လောက်ရှိပြီး၊ အောက်တိုဘာလကုန်မှာ ထပ်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ထပ်မံ ထွက်ပြေးလာသူ ဒုက္ခသည် ဦးရေ ၃ သောင်းခွဲကျော် ရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်တွင်းမှာ စုစုပေါင်း ဒုက္ခသည်ဦးရေ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားမိသားစုတွေ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပေါ် ဒါဟာ သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ တချို့ကလည်း သုံးသပ် ကြတာတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်း ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ RNDP လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကတော့ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေရဲ့ အခုလို လူထုတွေနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အခုလို ပြောဆိုပါတယ်။

“ရခိုင်ပြည်သူတွေက နိုင်ငံတော် ခေါင်းဆောင်တွေနဲ့တွေ့ချင်တာ ကြာပါပြီ။ သမ္မတကြီးကိုယ်တိုင်ကိုလည်း ရခိုင်ပြည်သူတွေ တွေ့ချင်တယ်။ လွှတ်တော် နာယကကြီးကိုလည်း ရခိုင်ပြည်သူတွေ တွေ့ချင်တယ်။ ရခိုင်ပြည်သူတွေက နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ တွေ့ကို တွေ့ချင်နေတဲ့အချိန်မှာ တွေ့ခွင့်ရသွားတဲ့ အတွက်ကြောင့် သူလည်းကျေနပ်တယ်၊ ရခိုင်ပြည်သူတွေလည်း ကျေနပ်ကြတယ်။ အဲလို တွေ့ဆုံတဲ့ပွဲမှာ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့် ရကြတဲ့အတွက်ကြောင့် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ အန်ကယ်လ်ကတော့ ယုံကြည်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်တယ်လို့ ပြောရင်လည်း ပြောကြမှာပေါ့လေ၊ အန်ကယ်လ်ကတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့လို့ မပြောလိုပါဘူး။ သူ့မှာ တာဝန်တရပ်ရှိတဲ့ အတွက်ကြောင့် ဒီတာဝန်ကို တပိုင်းတစလာပြီးတော့ တာဝန်ထမ်းဆောင်တယ်လို့ပဲ အန်ကယ်လ်က အဲလိုပဲ မှတ်ချက်ပြုချင်ပါတယ်။”

ရခိုင်တိုင်းရင်းသားမိသားစုတွေနဲ့ သူရဦးရွှေမန်း အခုလို တွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့လို့၊ ဒီတလတည်းမှာတင် သူဟာ တိုင်းရင်းသား ၂ စုကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီလဆန်းပိုင်းကလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး၊ အဲ့ဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ၊ ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွေနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သလို၊ အဲ့ဒီခရီးစဉ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG