သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ တွေ့ဆုံ မေးမြန်းခြင်း


ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို။

NLD ဦးဆောင်တဲ့ အစိုးရသစ်ထဲမှာ ယခင် အစိုးရဟောင်းကို ဦးဆောင်ခဲ့တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီဝင်အချို့ကိုလည်း တွေ့ရမှာပါ။ အဲဒီအထဲ ကြံခိုင်ရေးပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုလည်း အပါအဝင် ဖြစ်ပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ကိုင်တွယ်တဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအနေနဲ့ မြန်မာနိုင်ငံတွင်း မတူကွဲပြားတဲ့ ဘာသာတရားတွေအကြား သဟဇာတ ရှိရှိ မျှတမှု ရှိစေဖို့နဲ့ မြန်မာနိုင်င်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းရေးမှာ နိုင်ငံတကာ အကူအညီတွေရအောင် အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ကြိုးပမ်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကို တွေ့ဆုံမေးမြန်းထားတာပါ။

သူရဦးအောင်ကို ။ ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကိုပဲ ဦးတည် လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီ ဦးတည် လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်း ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့လဲ လတ်တလော ဆုံးဖြတ်ခြင်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲ ရောက်လာတဲ့အချိန်မှာ၊ အဲဒီကတည်းကစပြီး ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ချုပ် ဥက္ကဌ ကလည်း ပြောပါတယ်။ နောင်တစ်ချိန်မှာ လိုအပ်လို့ရှိရင် သူတို့ပါတီ အဖွဲ့အစည်းကို ဝိုင်းပြီးမှ တတ်နိုင်တဲ့ဘက်က ကူညီ ပူးပေါင်းဆောင်ရွက်ပေးပါ ဆိုပြီး ကြိုတင် ညှိနှိုင်းခဲ့တာရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီက စာတစ်ခု ထုတ်ထားတာရှိပါတယ်။ သူတို့ကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘူးလို့ဝေဖန်ထားတာ တွေ့ရလို့ပါ။

သူရဦးအောင်ကို ။ ။ ၂၀၁၅ခု သြဂုတ်လ ၁၂ရက်နေ့မှာ ဖြစ်စဉ်ပေါ့နော်။ ဒီဖြစ်စဉ်တော့ အသေးစိတ် ပြန်မပြောလိုတော့ပါဘူး။ အားလုံး သိပြီးသားပါ။ သြဂုတ်လ ၁၂ရက်နေ့ည ဖြစ်စဉ်က စပြီးတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖြစ်ကနေပြီး ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ လက်ရှိ အနေအထားမှာ ပြည်ခိုင်ဖြိုးပါတီ တစ်ယောက် အဆင့်သာဖြစ်ပါတယ်။ သို့သော်လည်း ပြည်ခိုင်ဖြိုး ပါတီကနေ ကနေ့ အထိ နှတ်ထွက်လွှာတင်ခြင်း၊ နှတ်ထွက်ထားခြင်း မရှိသေး ပါဘူး။ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်း ဖြစ်တော့ ပါတီ တာဝန် အကြီးအငယ်တွေကို သီးသန့် ပြောင်းပေးခြင်း မရှိပါဘူး။ ပါတီနဲ့လည်း သြဂုတ်လနောက်ပိုင်းက စပြီးတော့ အဆက်အသွယ် အဆက်အဆံ ပြတ်နေပါတယ်။ လူထုခေါင်းဆောင်ရဲ့ ဒီလို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့အခါမှာ ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်ရဲ့ ခွင့်ပြု ချက်ကို ရယူ တောင်းခံခဲ့ခြင်းမရှိပါဘူူး။

ဒေါ်ခင်စိုးဝင်း။ ။ သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနဆိုတာ မြန်မာနိုင်ငံတွက် အရေးပါတဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ သာသနာရေး ဝန်ကြီးဌာနလို့ ဆိုတဲ့ နေရာမှာ ဘာသာပေါင်းစုံပေါ့နော်။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာပေါင်းစုံကို ကိုးကွယ်ပိုင်ခွင့် လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အရင်အစိုးရ လက်ထက်တုန်းကပေါ့ါနော် တကယ် လက်တွေ့ ကြည့်လိုက်တဲ့အခါကျရင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ခရစ်ယာန်တွေပဲဖြစ်ဖြစ်၊ မူဆလင်တွေပဲဖြစ်ဖြစ် ု အခြား ဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာတွေ တွေ့ရပါတယ်။ ဥပမာ ဌာနတွင်း ရာထူးတိုးပေးတာကအစ။ နောက်ပြီးတော့ စစ်တပ်ထဲ ဝင်တာက အစ။ တော်တော်လေးကို ခွဲဆက်ဆံတာတတွေ ရှိခဲ့ပါတယ်။ နောက်တစ်ခုက တကယ်တန်း စာအုပ်ထဲမှာ ရေးထားတဲ့ တည်ဆဲ ဥပဒေထဲမှာ မပါပေမယ့် လုပ်ထုံးထုပ်နည်းအရ ခွင့်မပြုတာတွေ ရှိပါတယ်။ ဥပမာ ဓမ္မာရုံ ဆောက်မယ်ဆိုရင်တော့ ရတယ်။ Church ဆိုရင်တော့ ခွင့်မပြုဘူး။ ဗလီ ဆောက်မယ်ဆိုရင်တော့ ခွင့်မပြုဘူး။ ဝန်ကြီးလက်ထက်မှာ အဲဒီ ဟာလေးတွေ တရားမျှတမှုရှိအောင် ဘယ်လိုများ စီစဉ် ဆောင်ရွက်ဖို့ စဉ်းစားထားပါသလဲရှင့်။

သူရဦးအောင်ကို ။ ။ ယခင် တပ်မတော် အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာ သာသနာအပေါ် ချီးမြှောက်မှု၊ ထောက်ပံ့မှုက လွန်ကဲခဲ့ပါတယ်။ သို့သော်လည်း ကျန်တဲ့ တိုင်းရင်းသားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်ဘာသာ၊ နောက် ဧည့်နိုင်ငံသားတွေ အများစု ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြား ဘာသာငယ်တွေ အပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ် ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး။ အဲလိုပဲ ယုံကြည်ပါတယ်။ သို့သော်လည်း ဗုဒ္ဓဘာသာ သာသနာအပေါ်မှာ ချီးမြှောက်မှုက လွန်ကဲခဲ့တော့ ကျန်တဲ့ ဘာသာတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်သွားပြီးတော့၊ အဲဒီ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဧည့်နိုင်ငံသားတွေက အမြင်လွဲမှားမှုတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခုပေါ့လေ။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ တခါတလေကျလို့ ရှိရင် ပြည်သူလူထု အကြားမှာပေါ့နော်။ အခြား ဘာသာ တွေအပေါ်မှာ ပုတ်ခတ်ပြောဆိုတာတွေ။ အခြား လူမျိုးတွေအပေါ်မှာ ပုတ်ခတ်ပြီးတော့ ပြောဆိုတာတွေလည်းရှိပါတယ်။ အဲဒါတွေကို သံဃာ့ မဟာနာယကအဖွဲ့လို အဖွဲ့အစည်းကြီးကနေ ထိမ်းကျောင်းပေးလို့များ ရနိုင်မလားရှင့်။

သူရဦးအောင်ကို ။ ။ လူထုခေါင်းဆောင်ရဲ့ အစိုးရသစ် ဒီနေ့စပါတယ်။ စတဲ့အခါမှာ ဝန်ကြီးဌာန အသီးသီး၊ လုပ်ငန်းဌာန အသီးသီးမှာ ရက်၁၀၀ လုပ်ငန်း စီမံချက်ဆိုတာလဲ ခေတ်စားနေပါတယ်။ ခေတ်စားတဲ့ အခါကျတော့ ရက်၁၀၀ လုပ်ငန်းစီမံချက်ကို ကနေ့ စသော်လည်း အကြမ်းဖျင်းလေးရေးထားပါတယ်။ သာသနာရေး ဝန်ကြီးဌာနအနေနဲ့ နံပါတ်၁ပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများကို သွားပြီး ကန်တော့ပါမယ်။ ဆရာတော်ကြီးများရဲ့ သြဝါဒ ခံယူပါမယ်။ နောက်ပိုင်း အချိန်ရသည်နှင့် အမျှ ပြည်နယ်၊ တိုင်း ဒေသကြီး သံဃာ့ နာယက အဖွဲ့တွေ ကိုလည်း သွားပြီးမှ၊ ကန်တော့ပြီးတော့ သြဝါဒ ခံယူပါမယ်။ ဘာသာကြီးလေးရပ်ကြားမှာ အမုန်းစကား ဖြန့်ဝေမှုတွေကိုသတိ၊ ပညာ ညဏ်နဲ့ ထိမ်းသိမ်းကာကွယ်ဖို့ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်ကနေပြီးမှ ဒါလေးကို ထိမ်းကျောင်းပေးနိုင်ဖို့၊ မြန်မာ့ လူမှုအဖွဲ့အစည်းအတွင်းမှာ ချစ်ခြင်း မေတ္တာ တရားတွေ၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်း စတဲ့ လောကပါလတရားတွေ ထွန်းကားစေဖို့ အတွက်ကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကနေ ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးဖို့ အတွက်ကို လျှောက်ထား မှာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ယဉ်ကျေးမှုအပိုင်းဆိုလို့လေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာ ပေါ့လေ။ လောလောဆယ်ကတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကိုပေါ့လေ။ အဲဒါ ကမ္ဘာ့နိုင်ငံ တော်တော်များများက စိတ်ဝင်စားတာပါ။ ကျွန်မလည်း ဟိုတလောတုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာ ဘာတွေ့လဲဆိုတော့ လမ်းခင်းနေတဲ့ လုပ်သားတွေက ကျောက်တုန်းတွေ ခွဲနေပါတယ်။ ခွဲနေတဲ့အခါမှာ အဲဒီကျောက်တုံးမှာ ကျောက်စာတွေ ရေးထားတာ တစ်ပိုင်း သွားတွေ့တဲ့အခါမှာ သူတို့က တစ်ပိုင်းကတော့ ခွဲပြီးတော့ လမ်းခင်းလိုက်ပါပြီ။ ဒါပေမယ့် အဲဒီမှာ ကျောက်စာတွေ သွားတွေ့ ပါတယ်။ ဒေသခံတွေက နားမလည်တဲ့ အပိုင်းပေါ့နော်။ ယဉ်ကျေးမှုနဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာနအနေနဲ့ အဲဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင်လို့ ဝန်ကြီး အနေနဲ့ ဘယ်လိုများ စဉ်းစားထားပါသလဲ ရှင့်။

သူရဦးအောင်ကို ။ ။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေရဲ့ တန်ဖိုးကို အောက်ခြေ ပြည်သူတွေက သိရှိ နားလည် တန်ဖိုးထားတတ်အောင် ပညာပေးဖို့ လည်း အဓိက လိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ အများစုကြီး စားဝတ်နေရေးဆိုတဲ့ လုပ်ငန်း ကိစ္စတွေနဲ့ပဲ အခြေခံ အဆောက်အဦးထဲမှာ ရုန်းကန်လည်ပတ်နေရပါတယ်။ ဒါကို တန်ဖိုးထားတတ်အောင် ခုနက ပထမအဆင့် ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်ပါတယ်။ အချို့ ကိစ္စတွေမှာ နိုင်ငံတော်က ထောက်ပံ့တဲ့ ဘဏ္ဍာငွေ တစ်ခုတည်းနဲ့ ထိမ်းသိမ်းလို့ မနိုင်တဲ့ လုပ်ငန်းတွေရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ အတွက်ကို ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အထောက်အပံ့ရဖို့ ၊ ကမ္ဘာ့ရဲ့ ယာဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ အတွက်ကို ဒါတွေကို ဆက်လက်တင်ပြသွားဖို့ လုပ်ငန်းတွေကို ဦးစားပေးအလိုက် ခုဆိုရင် ပထမ ရက်ပေါင်း ၁၀၀အတွင်းမှာပဲ စတင်ရေးဆွဲ တင်ပြသွားဖို့ ဆောင်ရွက်နေပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ သာသနာရေးနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီးအဖြစ် ပထမဆုံးနေ့ တာဝန်ထမ်းဆောင်ရတဲ့ ဧပြီလ ၁ရက်မှာ ဗွီအိုအေ အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

သူရဦးအောင်ကို ။ ။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်။

XS
SM
MD
LG