သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း ကို ပြည်သူ့ လွှတ်တော် အထူးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်


 ပြည်သူ့လွှတ်တော် အထူးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးရွှေမန်း တာဝန်ယူ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၆။ နေပြည်တော်)
ပြည်သူ့လွှတ်တော် အထူးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးရွှေမန်း တာဝန်ယူ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၆။ နေပြည်တော်)

တည်ဆဲ ဥပဒေများကို လေ့လာပြီးတော့ ပြင်ဆင်၊ ပယ်ဖျက် ဒါမှမဟုတ် အသစ် ပြဌာန်းဖို့ အကြံပြု တင်ပြနိုင်မယ့် ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူးလေ့လာ သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်နဲ့ လွှတ်တော်နာယကဟောင်း သူရ ဦးရွှေမန်းကို ခန့်အပ်လိုက်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေမှာတော့ အခြားနိုင်ငံရေးပါတီတွေ မပါဝင်ပဲ ဦးရွှေမန်းနဲ့ နီးစပ်တဲ့ ပြည်ခိုင်ဖြို:ပါတီဝင်တွေနဲ့ အရင် အစိုးရ လက်ထက် အငြိမ်းစား အရာရှိကြီးတွေကို ထည့်သွင်းထား တာတွေ့ရပါတယ်။ နေပြည်တော်မှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အမြဲတမ်းကော်မတီ ၂ခုနဲ့ ကော်မရှင် တခုကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီမှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များလေ့လာ သုံးသပ်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌနေရာမှာ သူရဦးရွှေမန်းကို ခန့်အပ် လိုက် တာဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ တည်ဆဲ ဥပဒေတွေကို လေ့လာ ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေးနဲ့ အသစ်ပြဌာန်းရေး တို့ကို လုပ်ဆောင်ဖို့ တင်ပြနိုင်တဲ့ အဖွဲ့ တခုဖြစ်သလို အထူးကိစ္စရပ်တွေပေါ်လာရင်လည်း ဥပဒေနဲ့ ညီ၊ မညီ လေ့လာ သုံးသပ်ကာ စိစစ်ပြီး လွှတ်တော်ကို တင်ပြရမှာဖြစ် ပါတယ်။ ကော်မရှင်ကို အဖွဲ့ဝင် ၂၃ဦးနဲ့ ဖွဲ့စည်းထားပြီး ကော်မရှင်အတွက် ပြင်ပက ပညာရှင်တွေ စုစည်းပြီး ဖွဲ့တာဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်
ပြည်သူ့လွှတ်တော်ရဲ့ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်

ဒါပေမဲ့ ဒီကော်မရှင်က ပညာရှင် အများစုဟာ သူရဦးရွှေမန်းနဲ့ နီးစပ် သူတွေဖြစ်နေ တာရယ် အခြားသော တိုင်းရင်းသားပညာရှင်တွေ မပါဝင် တာရယ် ကြောင့် ဒီအပေါ် မှာ အမြင်သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် က ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင် အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

" လွှတ်တော်ဥက္ကဋ္ဌကို အကြံပေးနိုင်ဖို့ အဖွဲ့ဖြစ်ပါတယ်။ သူ့ရဲ့ အရေးကြီး ကိစ္စတွေ တိုင်ပင်လို့ရတဲ့ သူယုံကြည် စိတ်ချရတဲ့လူတွေနဲ့ပဲ ဖွဲ့တယ်လို့ ကျနော်ကတော့ အဲ့လိုပဲမြင်တယ်လေ။ ပြီးခဲ့တဲ့ ကော်မရှင်မှာ ဖွဲ့စည်းပေးတော့ လူတွေတော်တော်များ ပါတယ်။ တကယ်တမ်းကျတော့ ကော်မရှင်အစည်းအဝေးတွေ ကျင်းပတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ကော်မရှင် အဖွဲ့ဝင်တွေဟာ အစည်းအဝေး တက်ရောက်ခွင့် ရရှိခဲ့ခြင်း မရှိပါဘူး။ လွှတ်တော်ဥက္ကဋ္ဌ အတွက် အဓိက အကြံပေးပုဂ္ဂိုလ်တွေလို့ပဲ ယူဆရတာပေါ့။

တိုင်းရင်းသားတွေ မပါဝင်ခြင်းဟာ တိုင်းရင်းသားတွေကို မယုံကြည်တာလား။ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားတွေရဲ့ အရည်အချင်းကို မယုံကြည်တာလား ဆိုတာကတော့ ဒါ လွှတ်တော်ဥက္ကဋ္ဌ တယောက်ရဲ့ ဆင်ခြင်တုံတရားအပေါ် သုံးသပ်တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။ "

ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိတဲ့ သူရဦးရွှေမန်းကို နေရာတနေရာပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဘယ်လိုနေရာပေးမလဲ ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်း က စိတ်ဝင်စားခဲ့ကြတာပါ။ ဒီကနေ့မှာတော့ ဒေါ်အောင် ဆန်းစုကြည် က တရားဝင်နေရာ တနေရာ စတင်ပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။

ဒီ့ပြင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်နဲ့ဆက်ဆံရေး၊ ဒုတိယအကြိမ် လွှတ်တော် အစည်း အဝေးတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ပြည်ထောင်စု အစိုးရသစ်၊ ပြည်နယ်တိုင်းဒေသကြီး အစိုးရသစ်တွေ၊ ပြည်နယ်/တိုင်း လွှတ်တော် တွေပေါ်ထွန်းလာဖို့နဲ့ ရာာထူးနေရာခန့်ရေးအတွက် သူနဲ့ဆွေးနွေး တိုင်ပင်လျက် ရှိကြောင်းလည်း သူရဦးရွှေမန်းက ဗွီအိုအေရဲ့ မေးမြန်းမှု မှာ ဖြေဆိုထားဖူးပါတယ်။

ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင် သက်တမ်းဟာ တနှစ်ဘဲဖြစ်ပြီး နောက်ပိုင်း ဆက်လက် ထားရှိမယ်ဆိုရင် ဆက်လက် သက်တမ်းတိုးရမှာဖြစ်ပါတယ်။ ဒီထဲကပါတီဝင် တွေ အတိုးအလျော့ကိုလည်း လွှတ်တော် ဥက္ကဋ္ဌက စီမံနိုင်ပါတယ်။ ဒီကော်မရှင်ဖွဲ့တာမှာ တိုင်းရင်းသားပါတီကိုယ်စားပြုသူတွေ မပါတဲ့အပေါ်မှာ အမြင်အမျိုးမျိုး တွေတော့ ထွက်ပေါ်နေပါတယ်။ ဒီမှာ လက်ရှိ ဥပဒေကြမ်းကော်မတီ ဥက္ကဌလည်းဖြစ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်လည်း ဖြစ်တဲ့ ဦးထွန်းထွန်းဟိန် ကတော့ ကော်မရှင်ဖွဲ့ တာမှာ ပါဝင်သူတွေနဲ့ ပတ်သတ်ပြီး အခုလိုပြောပါတယ်။

" သူရဦးရွှေမန်းနဲ့ နီးစပ်တယ်လို့ သူတို့ပြောချင်လည်း ပြောကြမှာပေါ့လေ။ အန်ကယ်လ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ လွှတ်တော် ထဲမှာပေါ့နော် လွှတ်တော်အနေနဲ့ ဆိုရင် အန်ကယ်လ်တို့က ပါတီစွဲ ဘာစွဲ ညာစွဲ မထားပါဘူး။ နိုင်ငံတော်ရဲ့ ကောင်းကျိုးကို ဆောင်ရွက်နိုင်မယ့် မည်သူ့ကို မဆို နိုင်ငံတော် အကျိုးအတွက် တာဝန်များပေးသွားမယ်လို့ အန်ကယ်လ်ကတော့ ဒီလိုပဲ ယုံကြည်ပါတယ်။

သူရဦးရွှေမန်း အပါအဝင် အရင်လွှတ်တော်မှာတုန်းက လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ တာဝန် ယူခဲ့သူပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁၀ဦးနီးပါးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁ဦးတို့ပါပါတယ်။ ကျန်တဲ့သူတွေ ကလည်း အထွေထွေအုပ်ချုပ်ရေးမှုးဟောင်းတွေနဲ့ အခြား ဌာနဆိုင်ရာတွေက ဒုတိယညွှန်ကြား ရေးမှုးဟောင်းတွေပါပါတယ်။ အများစု ကတော့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေပါ။

ပြီးခဲ့တဲ့လွှတ်တော်က ဖွဲ့ခဲ့တဲ့ကော်မရှင်မှာရော အခုပြန်ဖွဲ့တဲ့ကော်မရှင်မှာပါ ပြန်လည် တာဝန် ထမ်းဆောင် ဖို့ရွေးခံခဲ့ရသူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်တိုးကတော့ အခုလိုရွေးချယ်မှုကိုဝမ်းသာကြောင်း၊ ခုလိုရွေးချယ်ခံရမှုနဲ့ ပတ်သတ်ပြီး ပြည်ခိုင်ဖြိုး ပါတီဘက်က ခွင့်ပြု၊၊ မပြု အပေါ် ဗွီအိုအေမေးမြန်းမှုကို သူက ခုလိုဖြေခဲ့ပါတယ်။

" ကျနော်တို့ကိုလည်း မနေ့ညနေကမှ သိတာ။ ပါတီကို ဘာမှ သတင်းမပို့ရသေးဘူး။ ပါတီကလည်း မလုပ်ရဘူးလို့ ပြောမယ် မထင်ပါဘူး။ ကျနော်က ဒါကို လုပ်ချင်တာ ဆိုတော့ ကျနော့်ကို တားလို့ရှိရင် ကျနော်က မလိုက်နာနိုင်ဘူးလေ။ လိုအပ်လို့ ရှိရင် နှုတ်ထွက်သင့် နှုတ်ထွက်ရမှာပေါ့။ ပါတီကတော့ ဒီလိုလုပ်မယ် လို့တော့ မထင်ပါဘူး။

ကော်မရှင်ရဲ့အဓိကတာဝန်ဟာ လွှတ်တော် ဥက္ကဋ္ဌကို ပံ့ပိုး ရမှာဖြစ်ပါတယ်။ ကော်မရှင် အနေနဲ့ တည်ဆဲ ဥပဒေတွေ ပြင်ဆင်၊ ပယ်ဖျက်၊ ပြဌာန်းဖို့ လိုအပ်ရင် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေ ကို ခေါ်ယူဆွေးနွေး ညှိနှိုင်းဖို့ ခေါ်ယူနိုင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် အထူး တာဝန်တွေကိုလည်း တာဝန်ယူ လုပ်ဆောင်ရမှာဖြစ်တယ်လို့ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေမှာဖော်ပြထားပါတယ်။

XS
SM
MD
LG