သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေပြုရေး အစိုးရ ဝင်စွက်မှုတွေရှိ


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (မတ် ၆၊ ၂၀၁၄)
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (မတ် ၆၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာသုံးရပ် ခွဲဝေဆောင်ရွက် မှုတွေ ရောထွေးမှုအချို့ရှိတာကြောင့် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှု အချို့ ရှိခဲ့ပြီး၊ ဒါဟာ ဒီမိုကရေစီကူးပြောင်းမှုအတွက် အားနည်းမှုတွေဖြစ်သွားစေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။ နဝမ အကြိမ်မြောက် လွှတ်တော်ဆွေးနွေးမှုတွေ အဆုံးသတ်ခါနီးပြီးမို့၊ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံ မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားတာပါ။

ဥပဒေပြုရေး အာဏာကို တာဝန်ယူရတဲ့ လွှတ်တော်တရပ်အနေနဲ့ ဥပဒေပြုရေးဆောင်ရွက်ရာမှာ သီးခြားလွတ်လပ်တဲ့ သဘောမရှိပဲ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် စွတ်ဖက်တာမျိုးတွေရှိတာကြောင့် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှုအချို့ရှိခဲ့တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။ အခြားနိုင်ငံ ဥပမာတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ လွှတ်တော် လုပ်ငန်းတွေ ယှဉ်ရင်၊ မြန်မာနိုင်ငံက အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားစီရင်ရေး ဆိုတဲ့ အာဏာသုံးရပ်မှာ ရောထွေးမှုတွေရှိတယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (မတ် ၆၊ ၂၀၁၄)
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (မတ် ၆၊ ၂၀၁၄)

" အဲ့ဒီ့အနေအထားတွေကြောင့် ဒီနေ့ မိမိတို့မြန်မာနိုင်ငံအတွင်းမှာ လူပြောပြောနေတဲ့ အရပ်စကား သို့မဟုတ်လို့ရှိရင် ခေတ်စကားနဲ့ပြောရရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ ပွတ်တိုက်မှုတွေ များနေတယ်။ အဆင်မပြေမှုတွေ များနေတယ်။ အဲ့တာဟာ စနစ်က ချပေးထားတဲ့ ပုံစံကြောင့်သာ လျင် ဖြစ်ခြင်းဖြစ်တယ်။ အကယ်လို့သာ အမေရိကန်စနစ်လို၊ အမေရိကန်ပုံစံမျိုး ဟုတ်လား။ တခါတည်း ချထားမယ်ဆိုရင် ဘာမှ ပြဿနာမဖြစ်ပါဘူး။ နော်။ လွှတ်တော်က လွှတ်တော် အလုပ်လုပ်မယ်။ ဥပဒေပြုတဲ့သူက ဥပဒေပြုမယ်။ ဒါကြောင့်မို့လို့ ဒီပေါ်မူတည်ပြီး တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုတွေ ဖြစ်နေတာ။"

လက်ရှိ ဖွဲ့စည်းပုံအတွင်းမှာပဲ အာဏာခွဲဝေရေးမှာ ဥပဒေပြုရေးကိစ္စဟာ လွှတ်တော်ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်လို့တော့ ထောက်ပြပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) (က) မှာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲဖို့၊ နောက် အချင်းချင်းပြန်လည်ထိန်းကျောင်းရမယ်လို့ ဒီလိုဆိုထားတဲ့ ဥပဒေပြုရေးလုပ်ငန်းတွေကို ဘယ်သူက လုပ်ရမလဲ။ လွှတ်တော်ထဲက လုပ်ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ရမယ်။ "

သူရဦးရွှေမန်း သတင်းသမားများနဲ့ တွေ့ဆုံ (မတ်လ ၆၊ ၂၀၁၄)
သူရဦးရွှေမန်း သတင်းသမားများနဲ့ တွေ့ဆုံ (မတ်လ ၆၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ လွှွတ်တော်နဲ့ အစိုးရဖွဲ့စည်းမှုပုံစံကို သူရဦးရွှေမန်းက သတင်းထောက်တွေကို ရှင်းပြပြီးတော့၊ လက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံ အကောင်းဆုံးတွေကို စုစည်းယူခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သွားနေတဲ့ စနစ်နဲ့ မကိုက်တာကြောင့် ဒိမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အားနည်းခဲ့ရတယ်လို့ သူရဦးရွှေမန်းက ဝန်ခံပါတယ်။

"အကောင်းဆုံး ကူးပြီးတဲ့အခါမှာ အကောင်းဆုံးတွေ ကူးလိုက်ပြီးတဲ့အခါမှာ အကောင်းဆုံးတွေ ကူးထားတဲ့ပုံစံဖြစ်လာပြီး စနစ်ပုံစံ မတူတဲ့အခါကျတော့ အခက်အခဲလေးတွေ ဖြစ်ပြီး ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အားလျော့မှုလေးတွေ ရှိတဲ့သဘောပါ။ "

အခု ခေါ်ယူတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ လွှတ်တော်နှစ်ရပ်ရဲ့ လုပ်ငန်းတာဝန်ဆောင်ရွက်မှုတွေ ဥပဒေပြင်ဆင်ဆောင်ရွက်မှုတွေ ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အဓိက ပြောဆိုပါတယ်။ လွှတ်တော်အနေနဲ့ ဒီသုံးနှစ်တာ သက်တမ်းကာလအတွင်းမှာ ဥပဒေကြမ်း အတော်များများကို ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်သလို၊ တဖက်မှာ လွှတ်တော်ကော်မတီတွေဟာလည်း နေ့မအား ညမအား ဥပဒေမူကြမ်းပြင်ဆင် ညှိုနှိုင်းမှုတွေကို ဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။

" ပြည်ထောင်စုလွှတ်တော် သုံးနှစ်နဲ့ တစ်လကျော်ကျော်ကာလအတွင်းမှာ ဥပဒေပေါင်း ၈၄ခု ပြဌာန်းပြီးပါပြီ။ ဒီနေ့လွှတ်တော် နှစ်ရပ်အကြားမှာ ဥပဒေပေါင်း ၆၀ကျော် ဆွေးနွေးနေပါပြီ။ ဟိုတလောတုန်းက ကော်မတီတွေ ဘာတွေ လုပ်နေလဲ မသိဘူး။ လှုပ်ရှားမှုတွေ နည်းတယ်။ လွှတ်တော် ကလည်း ခြောက်ကြိမ်မြောက်၊ ခုနှစ်ကြိမ်မြောက် နောက်ပိုင်း ခုနှစ်ကြိမ်၊ ရှစ်ကြိမ်မြောက်မှာ နည်းနည်း လှုပ်ရှားမှု၊ တက်ကြွမှု နည်းသွားသလိုပဲ ဆိုတဲ့ မေးခွန်းလေးတွေ မေးလာတော့ ကော်မတီတွေ ဘာလုပ်နေလဲဆိုတော့ လေ့လာကြည့်ပါ။ တချို့ဆိုရင် လွှတ်တော်ထဲမှာ ည ၁၀နာရီ၊ ၁၁နာရီ၊ ၁၂နာရီ တချို့ဆိုရင် ၂နာရီအထိရောက်ပါတယ်။

သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်လုပ်ငန်းတာဝန်တွေနဲ့ လွှတ်တော်ပိုင်းဆိုင်ရာ ဥပဒေပြုရေးကိစ္စတွေကို အဓိကထားပြောပေမယ့်လို့၊ ကြံခိုင်ရေးပါတီကိစ္စ အခြားနိုင်ငံရေးဆွေးနွေးမှု ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းချက်ကိုတော့ ရေရေရာရာမဖြေခဲ့ပါဘူး။ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန် ကာလအမြင်နဲ့ပတ်သက်လို့လည်း သူမှာ ဒီအမြင်ပိုင်းဆိုင်ရာ ရှိထားပြီးဖြစ်ပေမယ့်၊ ထုတ်ပြောဖို့ အချိန်မကျသေးဘူးလို့သာ သတင်းထောက်တွေကို တုန့်ပြန်ပြောခဲ့ပါတယ်။
XS
SM
MD
LG