သုံးရလွယ်ကူစေသည့် Link များ

ဒီနေ့ဟာ တရုတ်နိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်ပြီး ဒီမိုကရေစီအရေး ဆန္ဒပြ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို စစ်အင်အား သုံးပြီး နှိမ်နင်းခဲ့လို့ သွေးစွန်းခဲ့တဲ့ တီယန်နန်မင် ရင်ပြင် အရေးအခင်း ၂၇နှစ် ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ဘေဂျင်းမြို့ တီယန်နန်မင် ရင်ပြင် တ၀ိုက်မှာ လုံခြုံရေးတွေ အထူး တင်းကြပ်ထားတာကြောင့် ဒီဖြစ်ရပ်ဟာ တရုတ် ကွန်မြူနစ် ခေါင်းဆောင်တွေ အကြားမှာ အထိမခံတဲ့ ကိစ္စအဖြစ်ရှိနေဆဲ ဆိုတာကို ညွှန်ပြနေပါတယ်။

အလွန်ကြီးမား ကျယ်ပြန့်ပြီး ဘေဂျင်း မြိ့တော် အလယ်က အများပြည်သူ အတွက် နေရာတစ်ခုဖြစ်တဲ့ ဒီရင်ပြင်နဲ့ အနီးပတ်ဝန်းကျင်ကို လာရောက်တဲ့ လူတွေကို ရဲတွေက အိတ်တွေကို ရှာဖွေပြီး၊ သက်သေခံ ကဒ်ပြားတွေကိုလည်း စစ်ဆေးနေပါတယ်။

ဒီရင်ပြင်ထဲမှာ ၁၉၈၉ခုနှစ်က ကျောင်းသားလူငယ်တွေ၊ အလုပ်သမားတွေနဲ့ သာမန် ပြည်သူတွေစုဝေးပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

တီယန်နန်မင် ဖြစ်ရပ် နှစ်ပတ်လည်တဲ့ရက် မတိုင်ခင်မှာပဲ နှိမ်နှင်းမှု ကြောင့် သေဆုံး ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ ထပ်လောင်းပြီး ကန့်သတ်ချက်တွေ ချထားခံရပါတယ်။သူတို့တွေဟာ နေအိမ်တွေမှာပဲ နေရင်နေ၊ ဒါမှမဟုတ်ရင်လဲ မြို့တော်ကနေ ထွက်ခွာဖို့ ဖိအားပေးခံရပါတယ်။

၁၉၈၉ ခုနှစ် ဂျွန်လ ၃ရက်နဲ့ ၄ရက် ညတွေမှာ ဘေဂျင်းမြို့ပေါ်ကို တင့်ကားတွေနဲ့ စစ်တပ်တွေ စုဝေးရောက်လာပြီးတဲ့နောက် ရာဂဏန်းက နေ ထောင်ဂဏန်း အထိတောင် ရှိနိုင်တဲ့ သူတွေ သတ်ဖြတ်ခံခဲ့ရတာပါ။

ဒီ အကြောင်းအရာဟာ တရုတ်နိုင်ငံမှာ မပြောအပ်တဲ့ ကိစ္စအဖြစ် ရှိနေဆဲဖြစ်ပြီး၊ ဒီဖြစ်ရပ်အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပတာ ကိုလည်း လူသိရှင်ကြားဖြစ်ဖြစ်၊ တိတ်တဆိတ်ဖြစ်ဖြစ် ဘယ်လို ပုံစံမျိုးနဲ့မှ ကျင်းပခွင့်မပေးပဲ ပိတ်ပင်ထားတာဖြစ်ပါတယ် ။

ယခင် ကျောင်းသား ခေါင်းဆောင်တွေ ခိုလှုံနေကြတဲ့ တရုတ်နိုင်ငံပိုင် တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဟောင်ကောင်နဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းတို့မှာတော့ အမှတ်ရ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပဖို့ စီစဉ် ထားပါတယ်။

XS
SM
MD
LG