သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လှုပ်ရှားမှု ကဏ္ဍသစ်အတွက် အဝေးရောက်တိဘက်များ ပြင်ဆင်


တိဘက်လှုပ်ရှားမှု ကဏ္ဍသစ်အတွက် အဝေးရောက်တိဘက်များ ပြင်ဆင်

ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) နိုင်ငံရေး တာဝန်တွေကို စွန့်လွှတ်မယ့် အစီအစဉ်အတွက် အဝေးရောက် တိဘက်လူမျိုးတွေ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ စုဝေး ပြင်ဆင်နေကြပါတယ်။

ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို တရားဝင် နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရေး အခြေခံဥပဒေထဲမှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ အချေအတင် ဆွေးနွေးကြမယ့် ဒါရမ်စလာ (Dharamsala) မြို့က ၄ ရက်ကြာ ညီလာခံအတွက် ကမ္ဘာတ၀န်းက တိဘက် ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် ရောက်လာကြတာပါ။

တိဘက်လူမျိုးတွေ အနေနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တဦးကို နိုင်ငံရေးအာဏာ အပ်နှင်းဖို့ အချိန်တန်ပြီလို့ ပြောဆိုပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒီနှစ်ထဲမှာပဲ သူ တာဝန်ကို စွန့်လွှတ်တော့မယ့်အကြောင်း နှစ်ဆန်းပိုင်းမှာပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ်ရှိ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးက ဘာသာရေးခေါင်းဆောင် အဖြစ်နဲ့တော့ ဆက်လက် တာဝန်ယူသွားမယ့် အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒီအတွက် နိုင်ငံရေးအာဏာ အများစုဟာ ၀န်ကြီးချုပ်အဖြစ် မကြာခင်ကမှ ရွေးကောက်တင်မြှောက် ခံထားရတဲ့ လော့ဘ်ဆန် ဆန်ဂေး (Lobsang Sangay) လက်ထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမား အနေနဲ့ နိုင်ငံရေးအာဏာ တချို့ကို ဆက်လက် တာဝန်ယူသွားဖို့ လူထုက ဆန္ဒရှိနေတာကိုလည်း တင်ပြနိုင်တဲ့အကြောင်း ၀န်ကြီးချုပ်က ညီလာခံမှာ ပြောဆိုခဲ့တာပါ။

တရုတ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တိဘက်နယ်မြေကို ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး တောင်းဆိုနေတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အလယ်အလတ် လမ်းစဉ်ကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ် ဆန်ဂေးက ဒီလဆန်းပိုင်းမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG