တိဘက် ဆန္ဒပြသူတွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် တချို့သေဆုံးပြီး ဒဏ်ရာရသူ အတော်များများ ရှိခဲ့တဲ့အပေါ် စိုးရိမ် ပူပန်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
အခုလ အစောပိုင်းက လူ ၄ ယောက် ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေသွားကြပြီးနောက်ပိုင်း အခုလို အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Maria Otero က မနေ့က အင်္ဂါနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားတာပါ။
တိဘက်ဒေသမှာ ၂၀၁၁ ခုနှစ် မတ်လကစပြီး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသူ ၁၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းဖို့နဲ့ နောက် အဝေးရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် တွေ့ဆုံပြီး တိဘက်လူမျိုးတွေ ခံစားနေရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို လက်ထောက်နိုင်ငံခြားရေးကြီးက ထပ်လောင်း တောင်းဆိုလိုက်တာပါ။
တရုတ်နိုင်ငံ နောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိဘက်လူမျိုးတွေ ၂ ရက်ဆက်တိုက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေရာက လူပေါင်း ၅ ယောက် အနဲဆုံး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အဝေးရောက် တိဘက် လှုပ်ရှားမှုအဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
အင်္ဂါနေ့က သေဆုံးသူတွေဟာ တနင်္လာနေ့တုန်းက အလားတူ ထိပ်တိုက် ရင်ဆိုင်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ Luhuo ဒေသနဲ့ ၂၄ မိုင်လောက် ဝေးတဲ့ Serta ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာလို့ တိဘက်အသံ ရေဒီယိုအသံလွှင့်ဌာနက ပြောပါတယ်။
အင်္ဂါနေ့က သေဆုံးသွားသူထဲက ၂ ယောက်ကို မျက်မြင် သက်သေတွေက အတည်ပြုပေးခဲ့တယ်လို့ အဝေးရောက် တိဘက်လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ တိဘက်ဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။