သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူငယ် မီးရှို့ဆန္ဒပြ


တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူငယ် မီးရှို့ဆန္ဒပြ
တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူငယ် မီးရှို့ဆန္ဒပြ

အခုသီတင်းပတ်ထဲမှာ ကျရောက်တဲ့ တိဘက် နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ တိဘက်လူမျိုးတွေ နေထိုင်ရာ ဒေသက တရုတ်အစိုးရ ဆန့်ကျင်တဲ့ တိဘက် တက်ကြွလှုပ်ရှားသူတွေကို တရုတ် အာဏာပိုင်တွေက ဆက်ပြီး နှိပ်ကွပ် နှိမ်နင်းနေတဲ့အတွက် နောက်ထပ် တိဘက်လူမျိုးတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ သတ်သေသွားပါတယ်။

အိန္ဒိယနိုင်ငံကို ထွက်ပြေး နေထိုင်နေကြတဲ့ တိဘက်လူမျိုးတွေက ဗွီအိုအေနဲ့ တွေ့ဆုံရာမှာ တနင်္ဂနွေနေ့က Ngaba ဒေသက Zamthang ဘုန်းတော်ကြီးကျောင်းမှာ တိဘက်ဘုန်းကြီးတစ်ပါး မီးရှို့ သတ်သေသွားခဲ့တယ် ဆိုတဲ့ သတင်းကို ပြောဆိုခဲ့တာပါ။ ဆန္ဒပြ သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တိဘက်အပေါ် ဆန့်ကျင်တဲ့ မူဝါဒကို ဆန့်ကျင်ဆန္ဒပြသူ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာပဲ သေဆုံးသူရဲ့ အလောင်းကို တရုတ်အာဏာပိုင်တွေ လာမသိမ်းခင်မှာ လူပေါင်း ၁,၀၀၀ လောက် ဘုန်းကြီးကျောင်းမှာ စုဝေးပြီး အသုဘ အခမ်းအနား အစီအစဉ်ကို အမြန်ဆုံး လုပ်ခဲ့ကြရပါတယ်။

စနေနေ့က Qinghai ပြည်နယ်မှာ တိဘက် ဘုန်းကြီးတစ်ပါး တရုတ် ရဲတပ်ဖွဲ့ဝင်တွေကို ဆန့်ကျင်ဆန္ဒပြပြီး သူ့ကိုယ်သူ မီးရှို့ အဆုံးစီရင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ သူတို့အဆို တိဘက်တွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို ဖိနှိပ်ဖို့ တရုတ်နိုင်ငံရဲ့ အားထုတ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင် ဆန္ဒပြခဲ့တဲ့ တိဘက်လူမျိုး စုစုပေါင်း ၂၀ လောက် ရှိပြီ ဖြစ်ပါတယ်။

အဲဒီလို မီးရှို့အဆုံးစီရင် ဆန္ဒပြမှုတွေ ရပ်တန်းကရပ်ကြဖို့ အကြီးတန်း တိဘက်အရာရှိတွေက တောင်းပန်ကြပါတယ်။ ခုလို မီးရှို့ အဆုံးစီရင်မှုဟာ အကြမ်းဖက်မှု ဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက သတ်မှတ်ကြပါတယ်။ ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား (Dalai Lama) နဲ့ တခြား နိုင်ငံခြားက အဖွဲ့တွေက ခုလို တရုတ်အာဏာပိုင်တွေ အပေါ် အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်အောင် အားပေးအားမြှောက် လုပ်တယ်လို့လည်း တရုတ်ဘက်က စွပ်စွဲပါတယ်။

တရုတ် ရဲတပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က Sichuan ပြည်နယ်မှာနေတဲ့ တိဘက်စာရေးဆရာ Gangkye Drubpa Kyab ကို နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့လည်း ပြည်ပရောက် တိဘက်လူမျိုးတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG