တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ဟာ နိုင်ငံရေး တာဝန်တွေကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ အဝေးရောက် တိဘက်အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ကနေ အနားယူတော့မယ်လို့ အိန္ဒိယနိုင်ငံ ဒမ်ဆလာ (Dharmsala) မှာ ကြာသပတေးနေ့က ကျင်းပတဲ့ တိဘက် တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်း လားမားဟာ တိဘက် ပြည်သူတွေအတွက် ဘာသာရေး ခေါင်းဆောင်အဖြစ် ဆက်လက် ရပ်တည်နေမယ်လို့ ဆိုပါတယ်။
အဝေးရောက် တိဘက်အစိုးရအဖွဲ့ဟာ ဒီလနှောင်းပိုင်းမှာ လွှတ်တော်အသစ် ခေါ်ယူဖို့ ရှိပါတယ်။ ဒီလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေကို လုပ်ဖို့ရှိပြီး ဒါဟာ တိဘက် ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်တာလို့လည်း ဘုန်းတော်ကြီးက ပြောပါတယ်။
ဘုန်းတော်ကြီး ဒလိုင်း လားမားရဲ့ အခုလို အနားယူမယ်ဆိုတဲ့ ပြောကြားချက်တွေဟာ နိုင်ငံတကာ အသိုက်အ၀န်းရဲ့ ထောက်ခံမှုရအောင် လှည့်စားတာတမျိုးလို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ကျန်ယု (Jiang Yu) က ပြောကြားခဲ့ပါတယ်။