သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် အိုဘားမားတွေ့ဆုံမှု တရုတ်ကန့်ကွက်


အမေရိကန်သမ္မတ Barack Obama နဲ့ တိဘက်ဘုန်းတော်ကြီး Dalai Lama တို့ ၂ ဦး မတွေ့ဆုံသင့်ဘူးလို့ တရုတ်အစိုးရက သတိပေးနေတဲ့ကြားကပဲ Orlando က သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီးကိုယ်တိုင် ဝမ်းနည်းစကား ပြောကြားမှုကို အမေရိကန်သမ္မတက လက်ခံပြီး တွေ့ဆုံခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော်ရဲ့ မြေပုံခန်းမမှာ သူတို့ ၂ ဦးရဲ့ လေးကြိမ်မြောက် တွေ့ဆုံမှုကို ဗွီဒီယိုကင်မရာနဲ့ရော သတင်းထောက်တွေပါ သတင်းယူဖို့အတွက် ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ တွေ့ဆုံမှု အပြီး မကြာခင်မှာပဲ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ Instagram မှာပုံတွေ တက်လာခဲ့သလို သမ္မတ အိမ်ဖြူကလည်း သူတို့ ၂ ဦးရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို ဖော်ပြတဲ့ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

Orlando ပစ်ခတ်မှုအတွက် ဘုန်းတော်ကြီးရဲ့ ဝမ်းနည်းစကားပြောကြားမှုကို သမ္မတက လက်ခံခဲ့သလို တပါးသူအပေါ် လေးစားမှုရှိဖို့၊ ကရုဏာနဲ့ စာနာမှုတွေ ရှိလာဖို့ လုပ်ဆောင်နေတဲ့ဘုန်းတော်ကြီးရဲ့ ကြိုးပမ်းမှုတွေအတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ အိုဘားမား အစိုးရအဖွဲ့က ပြောပါတယ်။

တရုတ်အစိုးရကတော့ ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံတာဟာ ၂ နိုင်ငံ အပြန်အလှန် ယုံကြည်မှုကို ပျက်ပြားစေနိုင်တယ်လို့ ပြောပြီး သတိပေးခဲ့ပါတယ်။ ဒလိုင်လားမားဟာ အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတဦးလို့ တရုတ်အစိုးရက မြင်နေတာပါ။

သမ္မတ အိုဘားမားကတော့ ဘုန်းတော်ကြီး ဒလိုင်လားမားဟာ သူရဲ့ မိတ်ဆွေကောင်းတဦးလို့ ပြောပြီး အကြိမ်များစွာ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုတွေ့ဆုံမှုအတွက် တရုတ်ဘက်က စိုးရိမ်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က အခုလို တွေ့ဆုံမှုတွေကနေ တိဘက်လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေတဲ့ ခွဲထွက်ရေး သမားတွေကို အချက်လက်မှားတွေ ပေးသလို ဖြစ်နေပြီး ဒါဟာ ၂ နိုင်ငံ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပျက်ပြားစေနိုင်တယ်လို့ ဘေဂျင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရက ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၀ ကတည်းက ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ တိဘက်တွေက သူတို့ရဲ့ ဝန်ကြီးချုပ်ကို မေလထဲမှာ ထပ်မံ ရွေးကောက်တင်မြှောက်ခဲ့ပြီး တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တရုတ်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့ မျှော်လင့်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG