တရုတ်အစိုးရရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရပြီးနောက် တရုတ်နိုင်ငံ အနောက်ဘက် ဒေသက တိဘက်လူမျိုးတွေ ဗုဒ္ဓဟူးနေ့မှာ နှစ်သစ်ကူး အခမ်းအနားတွေ ကျင်းပနေကြပါတယ်။
နှစ်သစ်ကူး အခမ်းအနားတွေ မကျင်းပမီ သီတင်းပတ်တွေ အတွင်းမှာတော့ တရုတ်အစိုးရက တိဘက်ဒေသ တခုနဲ့တခုကြား ဆက်သွယ်မှု ဖြတ်တောက်တာတွေ၊ တိဘက်လှုပ်ရှားမှုတွေရှိရာ မြို့ကြီးမြို့ငယ်တွေမှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ထောင်ချီပြီး တိုးမြှင့် ချထားတာတွေ လုပ်ခဲ့ကြတာပါ။
တိဘက်လူမျိုးတွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုအပေါ် ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်ရာက တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ နောက်လိုက် နောက်ပါ အရပ်သား စုစုပေါင်း ၂၀ လောက် သေဆုံးခဲ့တဲ့အထိ တနှစ်လောက်ကြာ ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ကန့်သတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထားတာပါ။ အဝေးရောက် တိဘက် အစိုးရရဲ့အကြီးအကဲ Lobsang Sangay ကတော့ တိဘက်နှစ်သစ်ကူး အခါ သမယမှာ တရုတ်အစိုးရရဲ့ ဖိနှိပ် အုပ်ချုပ်မှုအောက် နေထိုင်ကြရသူတွေ အတွက် ဆုမွန်ကောင်းတောင်းရင်း ကုန်လွန်ကြဖို့ ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်း လိုက်ပါတယ်။
မကြာသေးခင်က ဆန္ဒပြပွဲတွေ ကြုံခဲ့ရတဲ့ Gansu ပြည်နယ် Labrang ဘုန်းတော်ကြီး ကျောင်းမှာတော့ အင်္ဂါနေ့က အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ရှိနေပေမဲ့ အမည်မဖော်လိုသူ တိဘက်ဘုန်းတော်ကြီး တပါးကတော့ နှစ်သစ်ကူး အခမ်းအနားကို တိဘက်လူမျိုး အများအပြား ဆင်နွှဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။