တိဘက်ဒေသ အပေါ် ထားရှိတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်သွားတဲ့ လယ်သမား တစ်ဦးကို အောက်မေ့တဲ့ အနေနဲ့ တနင်္ဂနွေနေ့က နိုင်ငံအနောက်ပိုင်းမှာ Qinghai ပြည်နယ်မှာ ထောင်ဂဏန်းချီရှိတဲ့ တိဘက်လူမျိုးတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက တိဘက်ဒေသ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး ရရှိရေးနဲ့ အဝေးရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နေရပ်ပြန်ခွင့် ရရေးတွေကို တောင်းဆိုခဲ့ကြတယ်လို့လည်း မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။
အသက် ၄၄ နှစ်အရွယ်၊ ကလေး ၃ ယောက်ရဲ့ဖခင် လယ်သမားတစ်ဦးဖြစ်သူ ချင်ဟိုင်း ပြည်နယ်ထဲက Rongwo မြို့လယ်က ခမ်းမအနီးမှာ စနေနေ့တုန်းက မီးရှို့ပြီး အဆုံးစီရင်သွားခဲ့တာပါ။ ဒီမတိုင်မီမှာလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက တိဘက်လူမျိုး အများအပြား နေထိုင်ရာ ဇီချွမ်ပြည်နယ်မှာ ဘုန်းတော်ကြီးတစ်ပါး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မီးရှို့အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် တိဘက်လွတ်မြောက်ရေး အဖွဲ့ကတော့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲဟာ ဒီဒေသမှာ တွေ့ဖူးသမျှထဲ အကြီးဆုံး တစ်ခုလို့ မျက်မြင်တစ်ဦးကို ကိုးကားပြီး ပြောဆိုခဲ့တာပါ။ ကျေးရွာတွေက ဒေသခံတွေ တဖွဲဖွဲထွက်လာပြီး စုဝေးခဲ့ကြတာလို့လည်း ပြောပါတယ်။
တိဘက်ဒေသ လွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း အရေးပါတဲ့ နှစ်ပတ်လည် အခမ်းအနားတွေ ကျရောက်ရာ မတ်လထဲမှာ တိဘက်ဒေသတွင်း တရုတ်အစိုးရနဲ့ တင်းမာမှုတွေလည်း အချိန်အတော်ကြာ ကြီးထွားနေခဲ့တာပါ။ တိဘက်ဘာသာရေးနဲ့ ယဉ်ကျေးမှုအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိတယ်ဆိုပြီး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အများစု အပါအဝင် ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် ဆန္ဒပြကြရာက ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးသူ တိဘက်လူမျိုး ၂၉ ယောက်အထိ ရှိနေပါပြီ။