တရုတ်အစိုးရက တိဘက်ဒေသကို ချမှတ်ထားတဲ့ မူဝါဒတွေကို မကျေနပ်လို့ဆိုပြီး တိဘက် မယ်သီလရှင် တစ်ဦးက ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုတစ်ခု တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် မယ်သီလရှင် တန်ဇင် ၀မ်းမို ဟာ တိဘက်နယ်စပ် စီချွမ်ပြည်နယ်မှာ မီးရှို့ဆန္ဒပြလို့ မနေ့ကပဲ ကွယ်လွန်ခဲ့တယ်လို့ Free Tibet လို့ခေါ်တဲ့ ပြည်ပရောက် တိဘက် ကွန်ယက်က ပြောပါတယ်။
တရုတ်အစိုးရကို မကျေနပ်လို့ ဒီနှစ်အတွင်း ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြသူ ၉ ဦးရှိပြီး အခုကွယ်လွန်ခဲ့တဲ့ သီလရှင်ကတော့ ပထမဆုံး အမျိုးသမီးပဲလို့ လန်ဒန်အခြေစိုက် Free Tibet အုပ်စုက ပြောပါတယ်။ တနင်္ဂနွေနေ့တုန်းကလည်း စီချွမ်ပြည်နယ်ထဲက ဆန္ဒပြပွဲတစ်ခုမှာပဲ တရုတ်အစိုးရ လုံခြုံရေး တပ်ဖွဲတွေရဲ့ ပစ်ခတ်မှုကြောင့် တိဘက်လူမျိုး ၂ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆန္ဒပြပွဲမှာ တိဘက် ၇ ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က အတည်ပြု ပြောဆိုချက်တွေ မရှိပါဘူး။ စနေနေ့တုန်းကလည်း တိဘက် ဘုန်းတော်ကြီးတစ်ပါး စီချွမ်ပြည်နယ်မှာပဲ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ မီးရှို့ဆန္ဒပြ ခဲ့ပါသေးတယ်။